၈ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
မလေးရှားနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁၀,၀၀၀ ခန့်ကို ယခုနှစ် ဇန်နဝါရီလကစပြီး မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်ပေးခဲ့ပြီးဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က အောက်တိုဘာ ၆ ရက်က ပြောဆိုချက်အရ သိရပါတယ်။
အန်ဝါရဲ့ ပြောကြားချက်အရ အခုလို ပြန်ပို့မှုတွေကို မလေးရှားနဲ့ မြန်မာဘက်က သက်ဆိုင်ရာ အာဏာပိုင်တွေ အကြား ညှိနှိုင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြန်ပို့ခံရသူတွေထဲမှာ ရိုဟင်ဂျာတွေအပြင် ရခိုင်၊ ကရင်နဲ့ ရှမ်းတိုင်းရင်းသားတွေပါ ပါဝင်တယ်လို့ သိရပါတယ်။
မကြာသေးခင် စက်တင်ဘာ ၂၉ ရက်ကလည်း မြန်မာနိုင်ငံသား ၁,၄၀၀ ကျော်ကို မြန်မာနိုင်ငံဘက် ပြန်လည်ပို့ဆောင်ခဲ့ပြီး မြန်မာရေတပ်သင်္ဘောတွေနဲ့ သယ်ဆောင်ခဲ့တယ်လို့ မလေးရှားဘက်က ပြောထားပါတယ်။
ဒါ့အပြင် မလေးရှားမှာ ဆက်လက်ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသားတွေအနက် နောက်ထပ် ၅,၀၀၀ ခန့်ကို မြန်မာနိုင်ငံဘက်က ပြန်လည်လက်ခံဖို့ သဘောတူထားတယ်လို့လည်း အန်ဝါက ဇူလိုင်လအတွင်း ပြောကြားထားပါတယ်။
မလေးရှားအစိုးရကတော့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ပို့ဆောင်ရာမှာ သက်ဆိုင်သူတွေရဲ့ သဘောတူညီချက်နဲ့ တရားဝင်လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံအတွင်း ပဋိပက္ခနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေ မတည်ငြိမ်သေးလို့ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့မှုနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဘက်က စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မလေးရှားနိုင်ငံမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းတွေ ချိုးဖောက်လို့ ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းရေးစခန်းတွေမှာ ရှိနေတဲ့ မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို တပ်မတော်ရေယာဥ်တွေနဲ့ ပြန်လည်ခေါ်ယူထားပါသေးတယ်။
#၁၀,၀၀၀ ခန့်ကို

