၈ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
မြန်မာနိုင်ငံမှာ လာရောက်ပြီး ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေတဲ့ နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ ယုံကြည်စိတ်ချစွာ လာရောက်လုပ်ကိုင်နိုင်တယ်လို့ မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
ယမန်နေ့ အောက်တိုဘာ ၇ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပြုလုပ်တဲ့ မြန်မာ-မလေးရှား နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော် သမ္မတကြီးက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ ဥပဒေပြဋ္ဌာန်းချက်တွေ ရှိသလို ရင်းနှီးမြှုပ်နှံသူတွေအတွက်လည်း ဥပဒေအရ အာမခံချက်တွေ ပေးထားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မလေးရှားနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြန်မာနိုင်ငံကို လာရောက်လေ့လာပြီး အမှန်တကယ် ရင်းနှီးမြှုပ်နှံနိုင်မယ့် အခွင့်အလမ်းတွေကို ရှာဖွေကြဖို့ သမ္မတက ဖိတ်ခေါ်ခဲ့ပါတယ်။
တစ်ဖက်မှာလည်း စီးပွားရေးကောင်းဖို့ဆိုရင် နိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေ တည်ငြိမ်ဖို့ လိုအပ်တယ်လို့ သမ္မတက ပြောကြားခဲ့ပြီး လက်ရှိအချိန်မှာ မြန်မာနိုင်ငံဟာ ပါတီစုံဒီမိုကရေစီလမ်းကြောင်းအတိုင်း ဆက်သွားနေပြီး နိုင်ငံရေးတည်ငြိမ်မှုရရှိဖို့အတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေး အားကောင်းလာဖို့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို အားပေးသွားမှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူတွေအတွက် လိုအပ်တာတွေကိုလည်း အစိုးရဘက်က ကူညီပံ့ပိုးပေးမယ်လို့ သမ္မတက ပြောကြားခဲ့ပါတယ်။

