Language:

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွက် “ရုံး”တည်ဆောက်ဖို့ အစီအစဉ်မရှိသေး


“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွက် “ရုံး”တည်ဆောက်ဖို့ အစီအစဉ်မရှိသေး

၈ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

ယခင် ဟိုပန်မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးရုံးကို လက်ရှိမှာ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ၂၀၂၅ ခုနှစ်က မက်မန်းမြို့နယ်အတွင်း ပြောင်းလဲဖွင့်လှစ်ခဲ့ရာ ယခုအချိန်ထိ တိုင်းဦးစီးအဖွဲ့ရုံး မရှိသေးဘူးလို့ သိရပါတယ်။

ဒေသတွင်း အုပ်ချုပ်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရန် “ဝ”တိုင်းဦးစီးအဖွဲ့ရုံးအတွက် မြေနေရာနဲ့ အဆောက်အဦတည်ဆောက်ပေးဖို့ အစီအစဉ်ရှိမရှိမေးခွန်းကို အောက်တိုဘာလ (၆)ရက်နေ့က မက်မန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရန်ကျော်က လွှတ်တော်မှာ မေးမြန်းခဲ့တာဖြစ်ပါတယ်။

““ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ရုံးအား အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၏ သီးခြားရန်ပုံငွေတစ်ရပ်ရပ်ဖြင့် အမြန်ဆုံးတည်ဆောက်ပေးနိုင်ရန် အစီအစဉ် ရှိ /မရှိကို သိလိုပါကြောင်းဖြင့် မေးမြန်အပ်ပါတယ်”လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရန်ကျော်က မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ “ဝ”တိုင်းဦးစီးအဖွဲ့ရုံးကို မက်မန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးမှူးရုံးအတွင်းရှိ အခန်းတစ်ခုအတွင်းမှာ ဖွင့်လှစ်ထားခဲ့ကာ ရုံးခန်းလုံလောက်မှုမရှိတဲ့အတွက်

ခရိုင်စီမံကိန်းဦးစီးရုံးအပေါ်ထပ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ထားကြောင်းနှင့် “ဝ”တိုင်းဦးစီးအဖွဲ့ရုံးမှာ ဝန်ထမ်းအင်အားကို ညွှန်ကြားရေးမှူးအပါအဝင် ဝန်ထမ်းအင်အား(၈)ဦးနဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်တယ်လို့ သိရှိရပါတယ်။

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရုံး ဝန်ထမ်းများသည် ဝန်ထမ်းအိမ်ရာလုံလောက်မှုမရှိတဲ့အတွက် ပြင်ပတွင် နေထိုင်ရသည့်အတွက်ကြောင့် မြေပြင်၌ လတ်တလောလိုအပ်နေသည့် ဝန်ထမ်းအိမ်ရာ အဆောက်အဦ ၁ လုံး တည်ဆောက်နိုင်ရန် အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှနေပြီး ၂၀၂၇ – ၂ဝ၂၈ ဘဏ္ဍာရေး နှစ်တွင် လျာထားဆောင်ရွက်သွားမယ်”လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက ပြည်သူ့လွှတ်တော်မှာ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးရုံးကို ပြည်နယ်အစိုးရ ရန်ပုံငွေ လုံလောက်ခြင်းမရှိတာကြောင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်ရန် လျာထားစီစဉ်ဆောင်ရွက်ထားခြင်းမရှိသလို ဖြည့်စွတ်ရန်ပုံငွေတင်ပြထားခြင်းမရှိတဲ့အတွက် ဆောက်လုပ်ဖို့အစီအစဉ်မရှိကြောင်းနဲ့ နေထိုင်ရန်ခက်ခဲတဲ့ဝန်ထမ်းတွေအတွက်တော့ လာမယ့်နှစ်မှာ ဝန်ထမ်းအိမ်ရာအဆောက်အဦဆောက်လုပ်ပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း မက်မန်းနဲ့ ဟိုပန်ဆိုပြီး ခရိုင်(၂)ခု မြို့နယ်(၆)ခုတို့ ဖွဲ့စည်းထားပြီး ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်း၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း (ခ) ပန်ခမ်းမြို့နယ်တို့ဖြစ်ကြကာ လက်ရှိမှာ “ဝ”ပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSP/UWSA က (၅)မြို့နယ်ကို ထိန်းချုပ်ထားပြီး ပြည်ထောင်စု အစိုးရအနေနဲ့ မက်မန်း(၁)မြို့နယ်တည်းသာ အုပ်ချုပ်ရေးတည်ဆောက်ထားတာဖြစ်ပါတယ်။

#ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း

#ဝဒေသ

#မက်မန်း

#အဆောက်အဦ

#UWSP

#UWSA

#တိုင်းဦးစီးအဖွဲ့ရုံး

#ပြည်သူ့လွှတ်တော်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin