၈ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
တာချီလိတ်မှာ မှုခင်းဖြစ်ပွားမှုနဲ့ ခိုးမှု၊ ဖေါက်ထွင်းမှုတွေ ဆက်တိုက်ဖြစ်ပွားနေပေမယ့် တရားခံဖမ်းဆီးရမိမှု မရှိတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေ ဒေသခံတွေရဲ့ ဝေဖန်မှုကို ခံနေရတာဖြစ်ပါတယ်။
တာချီလိတ်မြို့တွင်းမှာ မြို့မစခန်းနဲ့ နယ်မြေရဲစခန်းဆိုပြီး စခန်း(၂)ခုရှိတဲ့ထဲက နယ်ထိန်းနဲ့ ဒုစရိုက်နိုမ်နင်းရေး(ဒ/န)တပ်ဖွဲ့ဝင်တွေ မြို့နယ်/ခရိုင်နဲ့ ပြည်နယ်ဆိုပြီး အဆင့်ဆင့်ရှိပေမယ့် နေ့စဉ်နီးပါး ခိုးခံနေရတဲ့ ဆိုင်ကယ်၊ ကားဘက်မှန်နဲ့ အိမ်ဖေါက်ထွင်းခံရမှုတွေနဲ့ ပါတ်သတ်ပြီး တရားခံ တစ်ဦးမှ ဖမ်းဆီးရမိခြင်းမရှိသေးပါ။
“မြို့ထဲက ငါးဂိမ်းခုံ၊ လောင်းကစားဝိုင်းနဲ့ ကြက်ဝိုင်းတွေအပြင် တရားမဝင်လုပ်ငန်းမှန်သမျှ လိုင်းကြေးတော့ မပြတ်မကွက်ကောက်တယ်၊ သူခိုးကြတော့မဖမ်းဘူး၊ ဖမ်းမိတဲ့ သူတွေကလဲ ပြည်သူ့စစ်နဲ့ ရပ်ကွက်က ဝိုင်းကူဖမ်းပေးရတာ၊ သူတို့ကိုယ်တိုင် လိုက်ဖမ်းတာကို မကြားမိဘူး”လို့ တာချီလိတ် ဒေသခံတစ်ဦးက အရှေ့သံလွင် သတင်းဌာနကို ပြောပါတယ်။
မြို့တွင်း ဆိုင်ကယ်နဲ့ အိမ်ဖေါက်ထွင်းမှု၊ ခိုးခံရမှုတွေမှာ ခိုးခံရသူတွေက သူတွေရဲ့ ရုပ်သွင်နဲ့ ခိုးမှုဖြစ်စဉ်တွေကို CCTV မှတ်တမ်းနှင့်တကွ တိုင်ကြားခဲ့တာတွေရှိသလို သူခိုးရဲ့ သွားလာကျက်စားတတ်တဲ့နေရာတွေကို တိုင်ကြားထားပေမယ့် ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးမပေးနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“သူခိုးကတော့သူခိုးအလုပ် လုပ်မှာဘဲ ရဲကရဲ အလုပ်မလုပ်ဘဲနေတော့ သူခိုးများလာတာဘာဆန်းလဲ၊ ခိုးခံရတဲ့ ကိုယ့်ဆိုင်ကယ်တွေ့လို့ ရဲကို အကြောင်းကြားတာ ဆိုင်ကယ်ကို ပိုက်ဆံပေးပြီး ပြန်ရွေးရတယ်၊ သူခိုးကိုတော့ အချုပ်ထဲ တရားမစွဲဘဲ ပြန်လွှတ်ပေးတယ်” လို့ ဝမ်ကောင်းရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။
လွန်ခဲ့တဲ့လကလဲ နေအိမ်လိုင်းခန်းတစ်ခုအတွင်းမှ ဆိုင်ကယ်(၂)စီး ခိုးခံရတာနဲ့ပါတ်သတ်ပြီး ဆိုင်ကယ်အခိုးခံရသူက လိုက်လံစုံစမ်းရာ ပုန်းထွန်ရပ်ကွက်၊ ကျောက်တောင်မှာ ခိုးယူသွားတဲ့ သူခိုးတွေနဲ့အတူ ဆိုင်ကယ်ပြန်လည်တွေ့ရှိတဲ့အတွက် မြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ကို အကြောင်းကြားရာ ဆိုင်ကယ်တစ်စီးကိုသာ ပိုင်ရှင်ထံပြန်အပ်ပြီး သူခိုးတွေကိုတော့ အရေးယူဖမ်းဆီးတာ မပြုလုပ်ခဲ့ဘူးလို့ သိရှိရပါတယ်။
“ ဖမ်းဆီးရမိဖို့အတွက် စီစဉ်ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ အစီအစဉ်ကို မီဒီယာက တင်လိုက်ရင် သူခိုးတွေအသိပေးလိုက်သလိုဖြစ်သွားမှာစိုးလို့ ပြောပြလို့မရပါဘူး။ သူခိုးတွေကလဲ မီဒီယာတင်သမျှစောင့်ကြည့်နေလို့ပါ။ အခု ဖမ်းဖို့ စီစဉ်နေပါတယ်”လို့ ခရိုင် ဒ/နမှ ဒု-ရဲအုပ် နေမင်းခန့်က အရှေ့သံလွင်ကို ပြောပါတယ်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့က ပြည့်တန်ဆာအမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးပူးပေါင်းပြီး ဧည့်သည်ရဲ့ ဆိုင်ကယ်ကို လုယက်ခဲ့တဲ့ အမှုဖြစ်စဉ်နဲ့ပါတ်သတ်ပြီး ဖမ်းဆီးနိုင်ခဲ့တဲ့အတွက် မှုခင်းလိုက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုချီးမြှင့်ချီးမြှင့်ပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
တာချီလိတ်မြို့မှာ လောင်းကစားဂိမ်းခုံဖြစ်တဲ့ ငါးဂိမ်းခုံတွေ ယခင်ကထက် ပိုမိုများပြားလာပြီး ဂိမ်းခုံအတွင်း မူးယစ်ဆေးဝါးအလွယ်ဝယ်ယူလို့ ရရှိနေတာဖြစ်ကာ ဆိုင်ကယ်သူခိုးအပါအဝင် ခိုး၊ ဆိုး၊ နှိုက် ကျူးလွန်သူများ ကျက်စားရာနေရာတွေဖြစ်လာတဲ့အတွက် ဒေသခံတွေမှာလဲ လုံခြုံမှုမရှိဘူလို့ ပြောဆိုဝေဖန်မှုတွေလဲ ရှိနေတာပါ။
“အခုက ရောက်လာတာ လူသစ်တွေကြီးဘဲ အရင်တုန်းကနဲ့မတူဘူး၊ အရင်တုန်းကဆို ညဘက် ရပ်/ကျေးအဖွဲ့တွေနဲ့ ညတိုင်းကင်းလှည့်ပြီး မြေပြင်ဆင်းရတယ်၊ ရပ်ကွက်ထဲမှာလဲ ကိုယ့်ကို သတင်းပေးတဲ့လူတွေ စည်းရုံးထားရတယ်၊ ဒါကြောင့် တခုခုဆိုရင် တန်းသိတာ အခုက လူသစ်တွေဆိုတော့ သူတို့လဲ အခက်အခဲရှိမှာဘဲလေ”လို့ နယ်ထိန်းလုပ်ခဲ့ဖူးသူ ရဲဝန်ထမ်းဟောင်းတစ်ဦးကလဲ အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။
ပြီးခဲ့တဲ့ပတ်အတွင်း မော်တော်ကား(၂)စီး ခိုးယူခံရမှုနဲ့ပါတ်သတ်ပြီး ရဲတပ်ဖွဲ့ရဲ့ ကြိုးစားမှုကြောင့် ခိုးယူသွားသူနဲ့အတူ မော်တော်ကား(၂)စီးလုံးပြန်လည်ရရှိခဲ့တာတွေရှိခဲ့ပြီး လွန်ခဲ့တဲ့(၂)လ ဇူလိုင်လအတွင်းကလဲ ခိုးယူခံထားရတဲ့ ဆိုင်ကယ်(၁၄)စီးနဲ့အတူ သူခိုးလက်ခံ(၂)ဦး သူခိုး(၂)ဦးကို တာချီလိတ် ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့လဲ သိရှိရပါတယ်။

