၄ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ချင်းမိုင်ခရိုင်က မြို့နယ် (၈) ခုမှာ ရေကြီးရေလျှံ၊ တောင်ကျရေ၊ မြေပြိုမှုတွေကို အောက်တိုဘာ (၅) ရက်ကနေ (၇) ရက်အထိ သတိထားစောင့်ကြည့်ဖို့ ထိုင်းအမျိုးသားရေအရင်းအမြစ်ရုံး သတိပေးထုတ်ပြန်ထားပါတယ်။
ထိုင်းအမျိုးသားရေအရင်းအမြစ်ရုံး (สทนช.) က လာမယ့်ရက်တွေအတွင်း ရာသီဥတုအခြေအနေကို စောင့်ကြည့်လေ့လာခဲ့ရာမှာ မုန်တိုင်းတိမ်တိုက်တန်းဟာ ထိုင်းနိုင်ငံမြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေကို ဖြတ်သန်းပြီး တောင်တရုတ်ပင်လယ်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။
တစ်ချိန်တည်းမှာပဲ အနောက်တောင်မုတ်သုံလေဟာလည်း ပိုမိုအားကောင်းလာနိုင်တာကြောင့် ထိုင်းနိုင်ငံတစ်ဝန်း မိုးပိုလာနိုင်ပြီး တချို့ဒေသတွေမှာ မိုးသည်းထန်တာကနေ မိုးအလွန်သည်းထန်တဲ့အထိ ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အထူးသဖြင့် ထိုင်းနိုင်ငံအောက်ပိုင်း အရှေ့မြောက်ဒေသနဲ့ အလယ်ပိုင်းဒေသတွေမှာ မိုးသည်းထန်နိုင်ခြေရှိပါတယ်။
ဒီအခြေအနေတွေကို အခြေခံပြီး ထိုင်းအမျိုးသားရေအရင်းအမြစ်ရုံးက မိုးလေဝသဌာနနဲ့ အမျိုးသားရေအရင်းအမြစ်သတင်းအချက်အလက်ဌာနတို့ရဲ့ မိုးရေချိန်ခန့်မှန်းချက်တွေကို အသုံးပြုပြီး ရေအခြေအနေကို ဆန်းစစ်ထားပါတယ်။
ဒါ့အပြင် ရေအရင်းအမြစ်ဦးစီးဌာနနဲ့ ဘူမိဗေဒသယံဇာတဦးစီးဌာနတို့ရဲ့ တောင်ပေါ်ရင်းမြစ်ဒေသတွေမှာ တောင်ကျရေနဲ့ မြေပြိုမှု ဖြစ်နိုင်ခြေရှိတဲ့ နေရာတွေကို ခန့်မှန်းထားတဲ့ အချက်အလက်တွေနဲ့လည်း ပေါင်းစပ်ဆန်းစစ်ထားပါတယ်။
အဲဒီအရ အောက်တိုဘာ (၅) ရက်ကနေ (၇) ရက်အထိ ရုတ်တရက်ရေကြီးတာ၊ တောင်ကျရေစီးဆင်းတာ၊ မြေပြိုမြေကျတာနဲ့ မြစ်ရေကမ်းလွန်တက်တာတွေ ဖြစ်နိုင်တဲ့နေရာတွေကို သတိထားစောင့်ကြည့်ဖို့ လိုအပ်နေပါတယ်။
အထူးသဖြင့် မိုးရွာတိုင်း ရေမစီးဆင်းနိုင်ဘဲ ရေဝပ်လေ့ရှိတဲ့ မြို့ပြနဲ့ လူနေရပ်ကွက်တွေမှာလည်း ရေကြီးရေလျှံမှု ဖြစ်နိုင်တာကြောင့် သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်းက ရေကြီး၊ တောင်ကျရေနဲ့ မြေပြိုမှုအန္တရာယ်ရှိတဲ့ မြို့နယ် (၈) ခုကိုလည်း အောက်တိုဘာ (၅) ရက်ကနေ (၇) ရက်အထိ အထူးစောင့်ကြည့်သွားမယ်လို့ သိရပါတယ်။

