၄ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
ကိုရဲ
(ဆောင်းပါး)
မနက်အစောပိုင်း မောင်လွင်တစ်ယောက် အလုပ်သွားဖို့ အိမ်ကထွက်လာတဲ့အချိန်မှာတော့ မိုးရွာထားတဲ့ လမ်းတစ်လျှောက် ရေတွေဝပ်နေတာ၊ လမ်းကလည်း မညီ၊ တချို့နေရာမှာ ချိုင့်ခွက်တွေရှိပြီး လမ်းအနိမ့်အမြင့်များလွန်းတာကြောင့် ဆိုင်ကယ်ကို ဖြည်းဖြည်းမောင်းနှင်နေရပါတယ်။
တစ်နေရာက ရေကိုရှောင်မောင်းရင်းဖြတ်ကျော်ခဲ့ပေမယ့် နောက်တစ်နေရာအရောက်မှာ အရင်ကထက်ကြီးတဲ့ ချိုင့်ခွက်ကြီးတစ်ခုနဲ့ ထပ်ကြုံတွေ့နေရပြန်တယ်။
လမ်းပေါ်က ရေဟာ မိုးရွာတာရပ်ပြီးတာတောင် ချက်ချင်းမဆင်းသေးဘဲ အိမ်ရှေ့၊ ဆိုင်ရှေ့နဲ့ လမ်းကြားတွေမှာ တင်ကျန်နေတတ်ပါတယ်။
မနက်အလုပ်သွားရသူတွေ၊ ဈေးသွားသူတွေအတွက်တော့ အချိန်မှီ လိုရာခရီးရောက်ဖို့ ရေဝပ်နေတဲ့ ချိုင့်ခွက်အပြည့်နဲ့ လမ်းတွေရှောင်နေရတာဟာ နေ့တစ်နေ့အတွက် အချိန်တစ်ခု ဖဲ့ပေးနေရာတာပါ။
တာချီလိတ်မြို့မှာ မိုးရွာပြီးတိုင်း ရေးကြီးခဲ့တဲ့ နေရာတွေနဲ့ ရပ်ကွက်ထဲက ထပ်ခါထပ်ခါတွေ့ရတဲ့ ဒီမြင်ကွင်းဟာ လမ်းပျက်စီးမှုတစ်ခုတည်းရဲ့ ပြဿနာမဟုတ်ပါဘူး။
လမ်းရေစီးဆင်းရာစနစ် မကောင်းခြင်း၊ ရေမြောင်းပိတ်ဆို့ခြင်း၊ ရေမြောင်းမရှိတဲ့နေရာတွေ၊ လမ်းနဲ့ ရေမြောင်းအမြင့်အနိမ့် မညီခြင်းတို့ပါ တစ်ဆက်တည်း ဆက်နွယ်နေတာပါ။
တာချီလိတ်မြို့အတွင်း မိုးရွာပြီးတဲ့နောက် လမ်းမကြီးတွေတင်မကဘဲ ရပ်ကွက်အတွင်း လမ်းကြိုလမ်းကြားအချို့မှာပါ ရေဝပ်နေတဲ့အခြေအနေတွေကို တွေ့နေရပါတယ်။
အထူးသဖြင့် လမ်းမျက်နှာပြင် ပျက်စီးနေတဲ့နေရာတွေမှာ ရေဝပ်လာတဲ့အခါ ချိုင့်ကျင်းတွေကို မမြင်ရတော့ဘဲ ဆိုင်ကယ်နဲ့ မော်တော်ယာဉ်မောင်းသူတွေအတွက် အန္တရာယ်ပိုများလာနိုင်ပါတယ်။ ယာဉ်တွေက ရေထဲကို အရှိန်နဲ့ ဖြတ်သွားတဲ့အခါ လမ်းဘေးနေအိမ်တွေ၊ ဈေးဆိုင်တွေဘက်ကို ရေစင်ထွက်လာတာမျိုးလည်း ဖြစ်ပေါ်နေပါတယ်။
တချို့လမ်းပိုင်းတွေမှာတော့ ရေမြောင်းရှိပေမယ့် အမှိုက်၊ သဲ၊ မြေကြီးနဲ့ အခြားအညစ်အကြေးတွေ စုပုံနေမှုကြောင့် ရေစီးဆင်းမှု လျော့နည်းနေပါတယ်။ တချို့နေရာမှာတော့ ရေမြောင်းစနစ် မပြည့်စုံသေးတဲ့အတွက် မိုးရေစီးဆင်းဖို့ သတ်မှတ်ထားတဲ့ လမ်းကြောင်းမရှိဘဲ လမ်းပေါ်မှာပဲ ရေတင်ကျန်နေပါတယ်။
ဒါကြောင့် မိုးရွာခြင်းကနေစပြီး ရေမြောင်းပိတ်ဆို့မှု၊ လမ်းပေါ်ရေဝပ်မှု၊ လမ်းမျက်နှာပြင်ပျက်စီးမှုဆိုတဲ့ ပြဿနာတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့ မြို့ပြအခြေခံအဆောက်အအုံ ပြဿနာတစ်ရပ်လို ဖြစ်လာနေပါတယ်။
လက်ရှိအခြေအနေကို လမ်းပေါ်မြင်တွေ့ရတဲ့ အချက်အလက်တွေအလိုက် ခွဲကြည့်မယ်ဆိုရင် အဓိကပြဿနာတွေကို အနည်းဆုံး အပိုင်း ၄ ပိုင်းခွဲမြင်နိုင်ပါတယ်။
ပထမအချက်က လမ်းမျက်နှာပြင်ပျက်စီးမှု ဖြစ်ပါတယ်။ ရေတင်ကျန်နေတဲ့လမ်းပိုင်းတွေမှာ လမ်းသားပျော့လာခြင်း၊ ချိုင့်ကျင်းများ ပေါ်လာခြင်းနဲ့ လမ်းမျက်နှာပြင် တဖြည်းဖြည်းကျိုးပဲ့လာခြင်းတွေ ဖြစ်ပါတယ်။
ဒုတိယအချက်က ရေမြောင်းပိတ်ဆို့မှု ဖြစ်တာပါ။ လူတွေရဲ့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာ၊ ရေမြောင်းထဲ အမှိုက်ပစ်တာ၊ သဲ၊ မြေကြီးနဲ့ အညစ်အကြေးတွေ စုပုံလာတဲ့အခါ မိုးရေကို အချိန်မီ မစီးဆင်းစေနိုင်တော့ဘဲ လမ်းပေါ်ကို ရေပြန်တက်လာပြီး ရေဝပ်ကာ လမ်းသားပျက်စီးလာတာတွေ ဖြစ်ပါတယ်။
တတိယအချက်က ရေမြောင်းစနစ် မပြည့်စုံမှု ဖြစ်ပါတယ်။ ရပ်ကွက်အချို့မှာ ရေမြောင်းမရှိခြင်း၊ ရပ်ကွက်အတွင်း လမ်းအများစုဟာ ရေမြာင်းကို နာမည်တပ်ရုံအတွက် ရေမြှောင်းပြုလုပ်ထားပြီး ရေစီးရေလာအတွက် မစနစ်ကျခြင်းနဲ့ လမ်းနဲ့ ရေမြောင်းအမြင့်အနိမ့် မညီခြင်းတွေကြောင့် မိုးရေကို သင့်လျော်တဲ့နေရာထိ လမ်းညွှန်ပေးဖို့ ခက်ခဲနေပါတယ်။ ဒီထက်ဆိုးတာက တစ်ချို့သော ဆိုင်တွေဟာ လမ်းပေါ်၊ လမ်းပလက်ဖေါင်းပေါ် ကျူးကျော်ပြီး ဆိုင်ဖွင့်တာတွေကြောင့် လမ်းကျဉ်းလာပြီး ရေမြောင်းစနစ်ပါ ပျောက်ဆုံးသွားတာပါ။
စတုတ္ထအချက်က ပြဿနာကို မိုးရွာပြီးမှ ဖြေရှင်းနေရခြင်း ဖြစ်ပါတယ်။ မိုးရာသီမစခင်ကတည်းက ရေစီးဆင်းလမ်းကြောင်း၊ ရေမြောင်းနဲ့ ရေဝပ်လေ့ရှိတဲ့ နေရာတွေကို ကြိုတင်စစ်ဆေးရှင်းလင်းထားခြင်း မရှိရင် မိုးရွာတိုင်း ပြဿနာကို ထပ်မံကြုံတွေ့ရနိုင်ပါတယ်။
ဒီအချက်တွေကြောင့် တာချီလိတ်မြို့ရဲ့ ရေဝပ်မှုပြဿနာဟာ မိုးရေများပြားခြင်းတစ်ခုတည်းကြောင့် ဖြစ်တာမဟုတ်ဘဲ လမ်းအခြေအနေ၊ ရေမြောင်းအခြေအနေ၊ ရေစီးဆင်းရာလမ်းကြောင်းနဲ့ ထိန်းသိမ်းပြုပြင်မှု အားနည်းတာတွေကြောင့် ပြသာပေါင်းများစွာ ပေါင်းစပ်ဆက်နွယ်နေတဲ့ ပြဿနာတစ်ခုဖြစ်နေပါတယ်။
မိုးရွာတိုင်း ရေဝပ်မှုကို ကြုံတွေ့နေရတဲ့ ဒေသခံတစ်ဦးက လမ်းပြုပြင်တာတစ်ခုတည်းနဲ့ မလုံလောက်ဘူးလို့ ပြောပါတယ်။
“မိုးရွာတာနဲ့ တချို့လမ်းတွေမှာ ချိုင့်ခွက်တွေထဲ ရေတွေဝပ်နေတယ်။ ဆိုင်ကယ်နဲ့ ကားမောင်းတဲ့သူတွေက အရှိန်လျှော့ပြီး သတိထားမောင်းရမယ့်အစား အရှိန်နဲ့ ဖြတ်သွားရင် ချိုင့်ထဲကရေတွေ အရှိန်နဲ့ပက်ထွက်လာပြီး လမ်းဘေးက ဈေးဆိုင်နဲ့ အိမ်တွေကို ရေစင်တာတွေ ရှိတယ်။ လမ်းမကြီးဘက်မှာလည်း ရေမြောင်းတွေက တချို့နေရာတွေမှာ ပိတ်ဆို့နေတော့ မိုးကြီးတာနဲ့ ရေတွေ လမ်းမပေါ် ပြန်တက်လာတယ်။ လမ်းတွေတော့ ခင်းပါတယ်။ ဒါပေမယ့် ရေမြောင်းစနစ်တကျ မဖော်ထားရင် ခင်းထားလည်း ခဏပဲခံမှာပါ။ ရေမြောင်းရှိတဲ့နေရာမှာ မြင့်တဲ့နေရာက မြင့်၊ မရှိတဲ့နေရာက မရှိနဲ့ဆိုတော့ မိုးရွာရင် အဲဒီရေတွေ ဘယ်ကနေဆင်းမလဲ။ လမ်းပေါ်မှာပဲ အိုင်နေမှာပေါ့။ ရေမြောင်းမရှိရင် လမ်းပျက်နေမှာပဲ။”
ဒေသခံရဲ့ ပြောကြားချက်အရ ရေဝပ်နေတဲ့လမ်းပိုင်းတွေဟာ ယာဉ်သွားလာမှုကိုသာ ထိခိုက်စေတာ မဟုတ်ဘဲ လမ်းဘေးနေအိမ်နဲ့ ဆိုင်ခန်းတွေအထိ ရေစင်ထွက်ခြင်း၊ ရေပြန်လျှံခြင်းတို့ကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။
မြို့အနှံ ကိုယ်ထူကိုယ်ထနဲ့ ကွန်ကရစ်လမ်းခင်းနေကြပေမယ့် ရေမြောင်းဖေါ်ဖို့ ရေမြောင်းကိုတော့ ဘယ်အစိုးရဌာနမှ ဘယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ တာဝန်ယူပြီး စနစ်တကျ လုပ်သွားတာကို မတွေ့ရပါဘူး။
ရေမြောင်းပိတ်ဆို့မှုကို ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး စည်ပင်သာယာရေးဌာနဘက်မှာလည်း မြို့တစ်မြို့လုံးကို အပြည့်အဝလိုက်လံရှင်းလင်းပေးနိုင်ဖို့ အခက်အခဲရှိနေတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“အမတို့ဌာနက ဗိုလ်ချုပ်လမ်းမတစ်လျှောက် ချောင်းနဲ့ ရေမြောင်းထဲက အမှိုက်တွေ ဆယ်ယူရှင်းလင်းတာတွေ လုပ်ပါတယ်။ တာချီလိတ်တစ်မြို့လုံးအနေနဲ့ ရပ်ကွက်အတွင်းက မြောင်းတွေကို လိုက်ဆယ်ဖို့ အမတို့ဌာနက လူအင်အား မမျှဘူးလေ။ ကိုယ့်အိမ်ရှေ့မှာ ရှိတဲ့မြောင်းကိုတော့ ကိုယ်တိုင်ရှင်းသင့်တယ်လို့ ပြောချင်ပါတယ်။”
ဒီလိုဌာနဘက်က ထိန်းသိမ်းရှင်းလင်းမှုနဲ့ ဒေသခံတွေဘက်က ပူးပေါင်းဆောင်ရွက်မှု နှစ်ဖက်စလုံး လိုအပ်နေပါတယ်။
လမ်းပေါ်ရေဝပ်မှု ဆက်လက်ဖြစ်ပေါ်နေသရွေ့ လမ်းပျက်စီးမှုကို ပြန်လည်ပြုပြင်ပေးရုံနဲ့ ပြဿနာက ရေရှည်မဖြေရှင်းနိုင်ပါဘူး။
ရေမြောင်းပိတ်ဆို့နေမှုကို အချိန်မီ မရှင်းလင်းနိုင်ပါက မိုးရွာတိုင်း ရေပြန်ဝပ်နိုင်ပြီး ရေတင်ကျန်ချိန် ကြာလာတာနဲ့အမျှ လမ်းမျက်နှာပြင် ပိုမိုပျက်စီးနိုင်ပါတယ်။
တစ်ဖက်မှာလည်း လမ်းကို ပြန်ခင်းပေးပေမယ့် မိုးရေစီးဆင်းရာလမ်းကြောင်းကို မပြင်ဆင်ထားရင် အလားတူပြဿနာ ပြန်ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် မိုးရာသီအတွင်း အရေးပေါ်ရှင်းလင်းပြုပြင်ခြင်းထက် မိုးမရွာခင်ကတည်းက ကြိုတင်စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့လိုပါတယ်။
မိုးရွာတိုင်း ရေဝပ်လေ့ရှိတဲ့ လမ်းပိုင်းတွေ၊ ရေမြောင်းပိတ်ဆို့လေ့ရှိတဲ့ နေရာတွေ၊ ရေစီးဆင်းမှုအဟန့်အတားဖြစ်နေတဲ့ အချက်တွေကို သတ်မှတ်ဖော်ထုတ်ပြီး ပုံမှန်စစ်ဆေးရှင်းလင်းနိုင်မယ်ဆိုရင် ရေဝပ်မှုကြောင့် လမ်းပျက်စီးလာတာကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
အထူးသဖြင့် ရပ်ကွက်အတွင်း လမ်းကြိုလမ်းကြားတွေမှာ ရေမြောင်းအဝင်အထွက်နေရာတွေကို စနစ်တကျထားရှိပေးခြင်း၊ ရေစီးကြောင်းတွေကို သင့်လျော်တဲ့နေရာကနေ ဖော်ဆောင်ပေးခြင်းနဲ့ လမ်းနဲ့ ရေမြောင်းအမြင့်အနိမ့်ကို ကိုက်ညီအောင် ပြုပြင်ပေးခြင်းတို့က အရေးကြီးပါတယ်။
နေ့စဉ်နဲ့အမျှ ကြီးမားကျယ်ပြန့်လာတဲ့ မြို့ပြဟာ စနစ်တကျတိုးတက်ဖို့ဆိုရင် “မြို့ပြ ရေစီးဆင်းမှုစနစ် “Urban drainage system”ကို စနစ်တကျ ပြလုပ်ဖို့အတွက် တတ်သိပညာရှင်တွေ တည်ဆောက်ဖို့ လိုနေတာဖြစ်ပါတယ်။
တာချီလိတ်မြို့ခံတွေအတွက် လမ်းမကြီးတွေ ကောင်းမွန်နေရုံနဲ့ နေ့စဉ်သွားလာရေး ပြဿနာတွေ အားလုံးပြေလည်သွားမှာ မဟုတ်ပါဘူး။
အလုပ်သွားအလုပ်ပြန်၊ ဈေးသွားဈေးလာ၊ ကျောင်းသွားကျောင်းပြန်တို့အတွက် နေ့စဉ်အသုံးပြုနေရတဲ့ ရပ်ကွက်အတွင်း လမ်းကြိုလမ်းကြားတွေကလည်း အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေ ဖြစ်ပါတယ်။
ဒါကြောင့် လမ်းပျက်နေရင် လမ်းပြန်ပြုပြင်ပေးဖို့လိုသလို ရေမြောင်းပိတ်ဆို့နေရင်လည်း အချိန်မီရှင်းလင်းပေးဖို့ လိုအပ်ပါတယ်။ တစ်ခုကိုသာ ပြုပြင်ပြီး တစ်ခုကို လျစ်လျူရှုထားမယ်ဆိုရင် မိုးရွာတိုင်း အဟောင်းပြဿနာပဲ ပြန်ပေါ်လာနိုင်ပါတယ်။
နောက်ဆုံးမှာတော့ တာချီလိတ်မြို့ရဲ့ မိုးရာသီပြဿနာဟာ “လမ်းပျက်တယ်၊ မိုးရွာတယ်၊ ရေမဆင်းဘူး၊ လမ်းပေါ်မှာ ရေဝပ်တယ်” ဆိုတဲ့ စက်ဝိုင်းတစ်ခုလို ဖြစ်နေပါတယ်။
ဒီစက်ဝိုင်းကို ဖြေရှင်းဖို့ လမ်းတွေကို ကောင်းမွန်အောင် ပြုပြင်ပေးရုံမက ရေမြောင်းတွေကို ပုံမှန်ရှင်းလင်းပေးဖို့၊ ရေစီးဆင်းရာလမ်းကြောင်းတွေကို စနစ်တကျဖော်ဆောင်ပေးဖို့နဲ့ မိုးမရွာခင် ကြိုတင်ထိန်းသိမ်းပြုပြင်မှုတွေ လုပ်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။
မနက်တိုင်း အလုပ်သွားဖို့ လမ်းပေါ်ကရေကို ရှောင်ရင်း၊ လမ်းချိုင့်ကို မမြင်ရလို့ အရှိန်လျှော့မောင်းရင်း သွားလာနေရတဲ့ ဒေသခံတွေအတွက်တော့ လိုချင်တာက လမ်းမကြီးတစ်ခုတည်း မဟုတ်ပါဘူး။
ဖွံ့ဖြိုးတိုးတက်လာတဲ့ မြို့ပြဟာ “မိုးရွာတဲ့နေ့မှာလည်း ပုံမှန်အတိုင်း သွားလာနိုင်တဲ့ လမ်းနဲ့၊ မိုးရေကို အချိန်မီဆင်းစေနိုင်တဲ့ ရေမြောင်းစနစ်ကောင်း”တစ်ခု လိုအပ်နေတာ ဖြစ်ပါတယ်။

