၄ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)
ကြည်ညို
ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ်မှာရှိတဲ့ The Central ကွန်ဒို အရောင်းပြခန်းကို စုံစမ်းစစ်ဆေးရေးဦးစီးဌာနက ယမန်နေ့ အောက်တိုဘာ ၃ ရက်မှာ ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် ချိတ်ပိတ်ထားတယ်လို့ သိရပါတယ်။
ယမန်နေ့ အောက်တိုဘာ ၃ ရက် နံနက်ပိုင်းမှာ အရောင်းပြခန်းဘက်က တာဝန်ရှိသူတွေကို ခေါ်ယူစစ်ဆေးခဲ့ပြီး မွန်းလွဲပိုင်းမှာတော့ အရောင်းပြခန်းကို ချိတ်ပိတ်လိုက်တာလို့ သိရပါတယ်။
တစ်ဖက်မှာလည်း The Central၊ The Park နဲ့ Soho Tower တို့မှာ အခန်းဝယ်ယူထားပြီး နစ်နာမှုတွေ ရှိနေတယ်လို့ဆိုတဲ့ အခန်းပိုင်ရှင် ၁၀၅ ဦးက ပေးစာပေးအပ်ဖို့ အရောင်းပြခန်းကို သွားရောက်ခဲ့ကြပေမယ့် အရောင်းပြခန်းဟာ စစ်ဆေးခံနေရတာကြောင့် စာလက်ခံပေးမယ့်သူ မရှိခဲ့ဘူးလို့ အခန်းပိုင်ရှင်တစ်ဦးက လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။
The Central အခန်းဝယ်ယူသူတွေနဲ့ Developer ကြားမှာ အခန်းလွှဲပြောင်းပေးရေးကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်ပေါ်နေဆဲဖြစ်ပြီး အခုလို စသုံးလုံးရဲ့ ချိတ်ပိတ်စစ်ဆေးမှု ထပ်မံဖြစ်ပေါ်လာတာလို့ သိရပါတယ်။
လက်ရှိမှာတော့ စုံစမ်းစစ်ဆေးရေးဦးစီးဌာနအနေနဲ့ ဘာအတွက်ကြောင့် ယခုလို ခေါ်ယူစစ်ဆေးပြီး အရောင်းပြခန်းကို ချိတ်ပိတ်ထားတယ်ဆိုတာနဲ့ ပတ်သက်လို့တော့ တရားဝင် ထုတ်ပြန်ထားတာ မရှိသေးဘူးလို့ သိရပါတယ်။

