၃ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
ဇင်ကြီး
တာချီလိတ်မြို့မှာ မယ်ဆိုင်ဘက်က တင်သွင်းရောင်းချနေတဲ့ ကြက်ဥတွေဟာ ထိုင်းနိုင်ငံဘက်မှာ ဈေးနှုန်းမြင့်တက်လာမှုနှင့်အတူ တာချီလိတ်ဈေးကွက်မှာလည်း ကြက်ဥဈေး အနည်းငယ်မြင့်တက်လာတယ်လို့ ကြက်ဥရောင်းချနေကြတဲ့ ဈေးသည်တွေဆီက သိရသည်။
ထိုင်းနိုင်ငံအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများကြောင့် ကြက်မွေးမြူရေးလုပ်ငန်းနှင့် ကြက်ဥဖြန့်ဖြူးသယ်ယူပို့ဆောင်ရေးတွေ ထိခိုက်လာကာ ကြက်ဥဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းဘက် ကြက်ဥဈေးမြင့်တက်လာခြင်းကြောင့် မယ်ဆိုင်မှ ဝယ်ယူတင်သွင်းရသည့် ကြက်ဥဈေးနှုန်းလည်း လိုက်ပါမြင့်တက်လာပြီး တာချီလိတ်လက်လီဈေးကွက်အတွင်း ယခင်ထက် ဈေးအနည်းငယ်ပိုလာခြင်းဖြစ်သည်။
“ဟုတ်တယ်။ အန်တီတို့ကတော့ အများကြီးမတက်ပါဘူး။ (၁)ဘတ်၊ (၂) ဘတ်လောက်ပဲ တက်တာ။ သူများတွေလိုက်တက်သလို အန်တီတို့က ဈေးမတက်ဘူး။ ဘာလို့ဆို သူများတွေလည်း ဝယ်စားနိုင်အောင်လို့လေ” ဟု ဝမ်းကောင်းဈေးမှ ကြက်ဥရောင်းချသူတစ်ဦးက အရှေ့သံလွင်သို့ ပြောသည်။
တာချီလိတ်မြို့တွင် ဒေသတွင်းထုတ်လုပ်သည့် ကြက်ဥများအပြင် မယ်ဆိုင်ဘက်မှ တင်သွင်းလာသည့် ကြက်ဥများကိုပါ ရောင်းချနေခြင်းကြောင့် ထိုင်းဘက် ကြက်ဥဈေးနှုန်းအတက်အကျသည် တာချီလိတ်ဈေးကွက်အပေါ် သက်ရောက်မှုရှိနေကြောင်း သိရသည်။
တာချီလိတ်ဈေးကွက်တွင် အများဆုံးရောင်းချနေသည့် ထိုင်းနိုင်ငံမှ ကြက်ဥတစ်ကဒ်လျှင် အလုံး (၃၀) ပါဝင်ပြီး အရွယ်အစားအလိုက် နံပါတ် (၀) တစ်ကဒ်လျှင် ဘတ် (၁၅၅)၊ နံပါတ် (၁) ဘတ် (၁၄၅) နံပါတ် (၂) ဘတ် (၁၄၀) နံပါတ် (၃) ဘတ် (၁၃၅) နံပါတ် (၄) ဘတ် (၁၂၈) နှင့် နံပါတ် (၅) ဘတ် (၁၁၅) အထိ ဈေးနှုန်းအမျိုးမျိုးရှိတာဖြစ်ပါတယ်။
အဆိုပါဈေးနှုန်းများမှာ ယခင်ကထက် တစ်ကဒ်လျှင် ဘတ် (၁၀) ခန့် မြင့်တက်လာခြင်းဖြစ်ပြီး အလုံးချင်းစီအလိုက်မှာမှု အချို့သော ရပ်ကွက်တွင်း လက်လီဆိုင်တွေမှာ (၁)ဘတ်စီခန့် ဈေးနှုန်းအနည်းငယ် မြှင့်တက်လာနေကြောင်း သိရသည်။
လက်ရှိတွင် ကြက်ဥဈေးနှုန်း အနည်းငယ်မြင့်တက်လာသော်လည်း တာချီလိတ်ဈေးကွက်အတွင်း ကြက်ဥပြတ်လပ်မှု မရှိသေးဘဲ ပုံမှန်ဝယ်ယူရောင်းချနေကြောင်း သိရသည်။

