Language:

ထမ်လွမ်ဂူထဲက “တောဝက်” ဘောလုံးအသင်းဝင် (၁၃)ဦး၊ ကယ်ဆယ်ခဲ့တဲ့ မစ်ရှင်မှာ ပါဝင်ခဲ့သူ ကနေဒါ ရေငုပ်သမား Erik Brown ကွယ်လွန်


ထမ်လွမ်ဂူထဲက “တောဝက်” ဘောလုံးအသင်းဝင် (၁၃)ဦး၊ ကယ်ဆယ်ခဲ့တဲ့ မစ်ရှင်မှာ ပါဝင်ခဲ့သူ ကနေဒါ ရေငုပ်သမား Erik Brown ကွယ်လွန်

၂ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

၂၀၁၈ ခုနှစ်က ထိုင်းနိုင်ငံ ချင်းရိုင်ရှိ ထမ်လွမ်ဂူထဲမှာ “တောဝက်” ဘောလုံးအသင်းဝင် (၁၃)ဦးကို ကယ်ဆယ်ခဲ့တဲ့ မစ်ရှင်မှာ ပါဝင်ခဲ့သူ ကနေဒါ ရေငုပ်သမား Erik Brown ဟာ အသက် (၄၄) နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။

သူ့ရဲ့ မိသားစုနဲ့ မိတ်ဆွေတွေက စက်တင်ဘာ (၂၆) ရက်မှာ ကွယ်လွန်တဲ့ သတင်းကို အတည်ပြုခဲ့ပေမယ့် သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ တရားဝင် မထုတ်ပြန်ထားသေးပါဘူး။

ထမ်လွမ်ဂူထဲက ကယ်ဆယ်ရေးအတွင်း Brown ဟာ (၉) ရက်ကြာ ဂူအတွင်း စုစုပေါင်း (၆၃) နာရီကျော် ပါဝင်ခဲ့ပြီး အောက်ဆီဂျင်အိုးနဲ့ ရေငုပ်ပစ္စည်းတွေ သယ်ဆောင်ပေးခြင်း၊ လမ်းညွှန်ကြိုးတွေ ချထားခြင်းနဲ့ ကလေးတွေကို ကယ်ထုတ်ရာမှာ ရေငုပ်သမားအဖွဲ့ကို ကူညီပေးခဲ့ပါတယ်။

သူ့ရဲ့ ကယ်ဆယ်ရေးလုပ်ဆောင်မှုအတွက် ကနေဒါနိုင်ငံက ၂၀၁၉ ခုနှစ်မှာ ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်ခဲ့သလို ထိုင်းနိုင်ငံကလည်း ဒိရက်ဂုဏ်အဆင့် (၁) အဆောင်အယောင် ချီးမြှင့်ခံခဲ့ရပါသေးတယ်။

၂၀၁၈ ခုနှစ် ဇွန်လ (၂၃) ရက်က ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ်ရှိ ထမ်လွန်ဂူအတွင်း အသက် (၁၁) နှစ်မှ (၁၆) နှစ်အရွယ် လူငယ်ဘောလုံးသမား (၁၂) ဦးနဲ့ ၎င်းတို့ရဲ့ လက်ထောက်နည်းပြ (၁) ဦးတို့ မိုးသည်းထန်စွာရွာသွန်းလို့ ရေကြီးပြီး ပိတ်မိခဲ့ကြတာပါ။

ဇွန်လ (၂၃) ရက်ကတည်းက ပျောက်ဆုံးနေခဲ့ရာ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေ ထိုင်းနိုင်ငံက ရေငုပ်သမားတွေနဲ့ အပြင်းအထန်ရှာဖွေခဲ့လို့ ဇူလိုင် (၂) ရက်မှာတော့ ဂူအတွင်း ပိတ်မိနေသူ အားလုံးကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ကြတာပါ။

ဇူလိုင် (၈) ရက်မှ (၁၀) ရက်အတွင်း အထူးကျွမ်းကျင် ရေငုပ်သမားများက ကလေးငယ်တွေနဲ့ နည်းပြတို့ကို အလွန်အန္တရာယ်များပြီး ရေလွှမ်းမိုးနေတဲ့ ကြားကနေ ဂူလမ်းကြောင်းမှ တစ်ဆင့် အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ သတင်းများအရ သိရပါတယ်။

#တောဝက်၁၃

#ထမ်းလုံဂူ

#ကယ်ဆယ်ရေးမစ်ရှင်

#မယ်ဆိုင်

#ထိုင်းနိုင်ငံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin