၁ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)
ဗကြီး
ပြင်သစ်နိုင်ငံ တဝန်း ဆရာ၊ ဆရာမများ ပြတ်လပ်မှု၊ ပညာရေးဆိုင်ရာ အဆောက်အဦးများ ယိုယွင်းပျက်စီးနေမှုနဲ့ ပတ်သက်လို့ စက်တင်ဘာ ၃၀ ရက်က ကျောင်းသားများ ဆန္ဒထုတ်ဖော်ရာ ဆယ်ကျော်သက် အများစု ပါဝင်တဲ့ လူရာပေါင်းများစွာ ဖမ်းဆီးခံရပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့တယ်လို့ ပြင်သစ် အရာရှိတွေက ပြောကြား လိုက်ပါတယ်။
ကျောင်းသားများ ဆန္ဒပြမှုနဲ့ စာသင်ကျောင်းများအား ပိတ်ဆို့ထားမှုတို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က စတင်ခဲ့ပြီး ပိုကျယ်ပြန့်တဲ့ အစိုးရ ဝန်ထမ်းများ သပိတ်မှောက်မှုနဲ့ တိုက်ဆိုင်နေပါတယ်။
ပြင်သစ်နိုင်ငံ တဝန်း စာသင်ကျောင်းပေါင်း ၃၅၆ ကျောင်း အထိ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပြီး အကြမ်းဖက်မှုတွေ ပါဝင်လာနေသလို အတိမ်းအစောင်း မခံနိုင်ဘဲ နိုင်ငံရေးအရ ထိခိုက်မှုတွေ ဖြစ်နိုင်တဲ့ အနေအထား ဖြစ်လာနေ ပါတယ်လို့ ဆိုပါတယ်။
ယနေ့ အောက်တိုဘာ ၁ ရက်မှာ ပြင်သစ်အစိုးရက နိုင်ငံရဲ့ ၂၀၂၇ ဘက်ဂျက်ကို မိတ်ဆက်ပြီး အစိုးရ ဘဏ္ဍာငွေ သုံးစွဲမှု အပေါ် ဖိအားများအား လျှော့ချရေး ရည်ရွယ်တဲ့ အသုံးစရိတ် လျှော့ချမှုတွေ ပါဝင်မယ်လို့ မျှော်လင့်ရပါတယ်။
ပါရီမြို့မြောက်ဖက် စိန့် ဒန်းနစ်ဒေသမှာ ကျောင်းသားတွေဟာ သူတို့ ကျောင်း အဝင်ဝ ဂိတ်တံခါးတွေ အပြင် ဘက်မှာ စုဝေးရပ်တန့်နေကြပြီး အနီးအနားမှာ မီးလောင်နေချိန် ရဲတပ်ဖွဲ့ဝင်တွေကလည်း စောင့်ကြည့်နေတာ တွေ့ရပါတယ်။
လိုင်ယွန်နဲ့ လိုင်လီ ရုပ်သံ ပုံရိပ်တွေမှာ ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့များအား ပစ္စည်းများနဲ့ ပစ်ပေါက်နေတာ မြင်တွေ့ရပါတယ်။
ရာသီဥတုအပေါ် အခြေခံပြီး စာသင်ခန်းတွေထဲမှာ အပူချိန်က ချွေးပြန်ရတဲ့ အနေအထားကနေ အေးခဲနိုင်တဲ့ အနေအထား အထိ ပြောင်းလဲ သွားလေ့ရှိကြောင်း ကျောင်းသူ တစ်ဦးက ပြောပါတယ်။
ပြင်သစ်နိုင်ငံအနေနဲ့ အခြား နိုင်ငံတွေရဲ့ ပညာရေး အသုံးစရိတ်နဲ့ နှိုင်းစာရင် အလယ်အလတ် အဆင့်မှာ ရှိနေပြီး ၂၀၁၅ နဲ့ ၂၀၂၂ အကြား တိုးမြှင့် သုံးစွဲခဲ့ပေမယ့် အခြား နိုင်ငံတွေနဲ့စာရင် လျှော့ကျနေဆဲဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။
ဆန္ဒပြပွဲများအတွင်း ကျောင်းသား/သူများ စာသင်ကျောင်း ဝန်ထမ်းများကြား ဒဏ်ရာရသူ ၁၁၉ ဦး ရှိကြောင်း ဆန္ဒပြပွဲများ စတင်ပြီး နောက်ပိုင်း ထိခိုက်မှု အများဆုံးက ကျောင်းအုပ်တွေနဲ့ ဆရာ၊ ဆရာမတွေဖြစ်ကြတယ်လို့ ပြင်သစ်နိုင်ငံ ပညာရေး ဝန်ကြီးက သတင်းထောက်များအား ပြောကြားထားပါတယ်။
ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတွေမှာ လက်ဝဲစွန်း ပြင်သစ်နိုင်ငံရေး ပါတီတွေလည်း ပါဝင်နေပြီး အခြား အရာရှိတွေနဲ့ နိုင်ငံရေးသမားတွေက ကျောင်းသားတွေရဲ့ ဒေါသကို ဆွပေးနေတယ်ဆိုပြီး ပြစ်တင်ရှုံ့ချထား ပါတယ်။
#ကျောင်းသား/သူများ
#ဆရာ၊ဆရာမ

