Language:

တာချီလိတ်မြို့မှာ သံသယရှိသူ ကားသူခိုးကို ရဲတပ်ဖွဲ့ တားဆီးစစ်ဆေးရာမှာ ကားနဲ့တိုက် ထွက်ပြေးခဲ့ပေမယ့် ပြန်လည်ဖမ်းဆီးရမိ


တာချီလိတ်မြို့မှာ သံသယရှိသူ ကားသူခိုးကို ရဲတပ်ဖွဲ့ တားဆီးစစ်ဆေးရာမှာ ကားနဲ့တိုက် ထွက်ပြေးခဲ့ပေမယ့် ပြန်လည်ဖမ်းဆီးရမိ

၂၆ စက်တင်ဘာ ၂၀၂၆ ( Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ တာလော့ရပ်ကွက်မှာ သံသယရှိသူ ကားသူခိုးကို ရဲတပ်ဖွဲ့ က တားဆီးစစ်ဆေးရာမှာ ကားနဲ့တိုက် ထွက်ပြေးခဲ့ပေမယ့် ပြန်လည် ဖမ်းဆီးရမိခဲ့တယ်လို့ ကားပိုင်ရှင်ထံက သိရပါတယ်။

ကားသော့တပ်တန်းလန်းရပ်နားထားတဲ့ အိမ်စီးကားတစ်စီးကို ခိုးယူမောင်းနှင်သွားသူအား ရဲတပ်ဖွဲ့က စစ်ဆေးရန် ရပ်တန့်ခိုင်းရာ ကားနဲ့တိုက်ပြီး ထွက်ပြေးခဲ့သော်လည်း ခိုးယူခံရတဲ့ကားကို စက်တင်ဘာ (၂၅) ရက် ညနေပိုင်းမှာ ပြန်လည်တွေ့ရှိခဲ့ပြီး ကားခိုးယူသူကိုတော့ စက်တင်ဘာ (၂၆)ရက် မနက်ပိုင်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

စက်တင်ဘာ(၂၃)ရက် ည(၁၁)နာရီအချိန်ခန့်က တာလော့ရပ်ကွက်အတွင်း ရပ်နားထားတဲ့ အဖြူရောင်အိမ်စီးကား Crown 2005 ကားပေါ်မှာ သော့ကျန်ခဲ့တဲ့ချိန် အမည်မသိ လူတစ်ဦးက ဝင်ရောက်ခိုးယူမောင်းနှင်းသွားခဲ့တာဖြစ်ပါတယ်။

ကားခိုးယူသူမှာ အသက် (၃၃) နှစ်အရွယ် ဟိန်းဇော်ဆိုသူဖြစ်ပြီး စက်တင်ဘာလ (၂၅) ရက်က တာချီလိတ်ရဲတပ်ဖွဲ့က လှည့်ကင်းဆောင်ရွက်နေချိန် ကျောက်တောင်သင်္ချိုင်းလမ်းဆုံမှာ နံပါတ်ပြားဖြုတ်ထားတဲ့ Crown အဖြူရောင်ကားတစ်စီးကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ကားကို မသင်္ကာလို့ ရပ်တန့်စစ်ဆေးရန် တားမြစ်ခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ကားနဲ့တိုက်ကာ မောင်းနှင်ထွက်ပြေးခဲ့ပြီး လိုက်လံရှာဖွေခဲ့ရာ မကာဟိုခမ်းရပ်ကွက်ရှိ စိန်ဂျူးဘုရားကျောင်းရှေ့မှာ ကားနှင့်အတူ ပြန်လည်ဖမ်းဆီးရမိခဲ့ပါတယ်။

“ညနေပိုင်းလောက် ပြန်တွေ့တာပါ။ သူတို့ တားတဲ့အချိန်မှာ တိုက်ပြေးတာထင်တယ်။ ရဲတွေကို တိုက်ပြေးတဲ့အချိန် အနောက်က လိုက်ပြီး ဖမ်းတော့ စိန်ဂျူးဘုရားကျောင်းလမ်းမှာ ပြန်တွေ့တာပါ။ ကားကို အရင်တွေ့တာ လူကိုတော့ (၆) နာရီခွဲ (၇) နာရီဝန်းကျင်မှာမိတာလို့” ကားပိုင်ရှင် ကိုဇင်မင်းငြိမ်းက အရှေ့သံလွင် သတင်းမီဒီယာကို ပြောပါတယ်။

ကားခိုးယူခံရပြီးနောက် နှစ်ရက်အတွင်း တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကို ကြည့်ရှုစစ်ဆေးကာ အမှုကို စုံစမ်းခဲ့ပြီး နောက်ရက်မှာ ကားနှင့် ခိုးယူသူကို ဖမ်းဆီးနိုင်ခဲ့တာလို့ ကားပိုင်ရှင်က ဆိုပါတယ်။

လက်ရှိမှာ အမူစစ်ဆေးနေဆဲတာကြောင့် ခိုးယူခံရတဲ့ကားကို ရဲစခန်းက သိမ်းဆည်းထားပြီး၊ ကားပိုင်ရှင်ထံ ကားပြန်ရတာ မရတာကိုတော့ တရားရုံးဆုံးဖြတ်ချက်အပေါ် မူတည်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဟောင်လိတ် ဆေခန်းရပ်ကွက်အတွင်းက နေအိမ်တစ်လုံးအတွင်း လိုင်စင်ပါ ဆိုင်ကယ်တစ်စီး၊ ကွန်ပျူတာ Latop တစ်လုံးနဲ့ ဆောင်းဘောက်တစ်ခုတို့ အိမ်ဖောက်ထွင်းခိုးယူခံခဲ့ရပြီး နေ့စဉ်နီးပါး ခိုးမှုတွေဖြစ်ပွားနေပြီး ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း ဒေသခံများရဲ့ ပြောဆိုချက်များအရ သိရပါတယ်။

#တာချီလိတ်

#သံသယရှိသူကားသူခိုး

#ရဲတပ်ဖွဲ့တားစီးစစ်ဆေး

#ကားနဲ့တိုက်

#ထွက်ပြေး

#ပြန်လည်ဖမ်းဆီးရမိ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin