Language:

ထိုင်းအစိုးရက ပြည်နယ်နဲ့ ခရိုင်အားလုံးကို (၂၄) နာရီ ရေဘေးစောင့်ကြည့်ဖို့ အရေးပေါ်ညွှန်ကြား


ထိုင်းအစိုးရက ပြည်နယ်နဲ့ ခရိုင်အားလုံးကို (၂၄) နာရီ ရေဘေးစောင့်ကြည့်ဖို့ အရေးပေါ်ညွှန်ကြား

၂၇ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

ထိုင်းနိုင်ငံတစ်ဝန်း မိုးသည်းထန်စွာ ရွာသွန်းနိုင်တဲ့ အခြေအနေတွေ ဆက်လက်ရှိနေတဲ့အတွက် ပြည်နယ်နဲ့ ခရိုင်အားလုံးကို သဘာဝဘေးအန္တရာယ် စောင့်ကြည့်ရေးလုပ်ငန်းတွေ (၂၄) နာရီ အဆင်သင့်ဆောင်ရွက်ထားဖို့ ထိုင်းအုပ်ချုပ်ရေးဦးစီးဌာနက အရေးပေါ်ညွှန်ကြားလိုက်ပါတယ်။

ထိုင်းအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နရစ်ချာ ခိုစာစီဝီလိုင်က စက်တင်ဘာ ၂၆ ရက်မှာ ပြည်နယ်အုပ်ချုပ်ရေးအတွင်းရေးမှူးအားလုံးထံ “အလွန်အရေးပေါ်” ညွှန်ကြားစာ ပေးပို့ခဲ့ပြီး ရေကြီးရေလျှံမှု၊ လေပြင်းမုန်တိုင်းနဲ့ မြေပြိုမှုအန္တရာယ်တွေကို ကြိုတင်ပြင်ဆင်ထားဖို့ မှာကြားခဲ့တာ ဖြစ်ပါတယ်။

အာဏာပိုင်တွေက မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊ ဘန်ကောက်မြို့တော်၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာမှ အလွန်သည်းထန်စွာ ရွာသွန်းနိုင်ပြီး ရုတ်တရက်ရေကြီးတာ၊ တောင်ကျရေစီးတာနဲ့ မြေပြိုတာတွေ ဖြစ်ပွားနိုင်တယ်လို့ သတိပေးထားပါတယ်။

ညွှန်ကြားချက်အရ ပြည်နယ်နဲ့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေဟာ သဘာဝဘေးအခြေအနေကို အနီးကပ်စောင့်ကြည့်ရမှာဖြစ်ပြီး မိုးလေဝသခန့်မှန်းချက်နဲ့ ဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်တွေကို သက်ဆိုင်ရာဌာနတွေနဲ့ အချိန်နဲ့တပြေးညီ လိုက်နာရမှာ ဖြစ်ပါတယ်။

ဘေးအန္တရာယ် ကျရောက်နိုင်တဲ့ ဒေသခံပြည်သူတွေကိုလည်း ရွာအသံချဲ့စက်၊ ရပ်ရွာအသံလွှင့်စနစ်နဲ့ လူမှုကွန်ရက်မီဒီယာတွေကနေ အမြန်ဆုံး သတိပေးအကြောင်းကြားဖို့ ညွှန်ကြားထားပါတယ်။

ထို့အပြင် ခရိုင်အုပ်ချုပ်ရေးမှူးတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ နယ်မြေကာကွယ်ရေး အရန်တပ်ဖွဲ့ဝင်တွေ၊ ကျေးရွာလုံခြုံရေးအဖွဲ့တွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ဘေးသင့်ပြည်သူတွေဆီ ချက်ချင်းသွားရောက်ကူညီဖို့နဲ့ သက်ကြီးရွယ်အို၊ ကလေးငယ်နဲ့ ထိခိုက်လွယ်တဲ့အုပ်စုတွေကို ဦးစားပေး ကူညီပေးဖို့ အထူးမှာကြားထားပါတယ်။

ပြည်နယ်အသီးသီးမှာလည်း ချက်ချင်းအသုံးပြုနိုင်မယ့် လူအင်အားစာရင်းကို ကြိုတင်ပြင်ဆင်ထားဖို့၊ ဒေသန္တရအဖွဲ့အစည်းတွေ၊ အစိုးရဌာနတွေနဲ့ ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းပြီး ယာယီခိုလှုံရေးစခန်းတွေ ဖွင့်လှစ်ထားဖို့၊ ကယ်ဆယ်ရေးပစ္စည်းနဲ့ လိုအပ်တဲ့ အထောက်အပံ့တွေကို ၂၄ နာရီ အသင့်ထားရှိဖို့လည်း ညွှန်ကြားထားပါတယ်။

ဘေးအန္တရာယ်အခြေအနေ လျော့ပါးသွားတဲ့အခါမှာတော့ သေဆုံးသူ၊ ဒဏ်ရာရသူ၊ ပျောက်ဆုံးသူ၊ နေအိမ်၊ စိုက်ပျိုးမြေ၊ လမ်းတံတားနဲ့ အများပြည်သူသုံး အခြေခံအဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုကို အမြန်ဆုံး စစ်တမ်းကောက်ယူပြီး သတ်မှတ်စည်းမျဉ်းတွေအတိုင်း ဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့ပေးဖို့လည်း ညွှန်ကြားထားပါတယ်။

ညွှန်ကြားရေးမှူးချုပ် နရစ်ချာက “ပြည်သူတွေ အခက်အခဲကြုံလာတာနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ချက်ချင်းရောက်ရှိ ကူညီရမယ်။ ရရှိနိုင်တဲ့ အင်အားနဲ့ အရင်းအမြစ်အားလုံးကို စုစည်းအသုံးပြုပြီး အခြေအနေ ပုံမှန်ပြန်ဖြစ်တဲ့အထိ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ရမယ်” လို့ ပြောကြားထားပါတယ်။

#ထုတ်ပြန်ချက်

#သဘာဝဘေး

#သတိပေးချက်

#အုပ်ချုပ်ရေး

#ထိုင်းနိုင်ငံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia

ဆက်စပ်သတင်းများ

Eastern Thanlwin