Language:

ယွမ် ၂ သောင်းရဲ့ ကတိ၊ နယ်စပ်တစ်ဖက်က ထောင်ချောက်


ယွမ် ၂ သောင်းရဲ့ ကတိ၊ နယ်စပ်တစ်ဖက်က ထောင်ချောက်

၂၇ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

အိပ်မပျော်တဲ့ညတစ်ညမှာ သူမဖုန်းကို အဓိပ္ပာယ်မဲ့ ပွတ်ကြည့်ရင်း အလုပ်ခေါ်စာတစ်ခု တွေ့ခဲ့ပါတယ်။

“တစ်လ ယွမ် ၂၀,၀၀၀”

သူမအတွက် အဲဒီငွေက လစာတစ်ခုထက် ပိုပါတယ်။ အဖေဖြစ်သူ ယာဉ်မတော်တဆမှုဖြစ်ပြီးနောက် ဝင်ငွေလျော့ကျလာတာ၊ ကျန်းမာရေးကုန်ကျစရိတ်တွေ တိုးလာတာနဲ့ မိသားစုအိမ်ကို ပေါင်နှံထားရပြီး အတိုးမဆပ်နိုင်တော့တဲ့ အခြေအနေကို ဖြေရှင်းနိုင်မယ့် အခွင့်အရေးတစ်ခုလို ဖြစ်နေခဲ့ပါတယ်။

သူမတွက်ချက်လိုက်တာက ရှင်းပါတယ်။

တစ်လ ကျပ်သိန်း ၅၀ ဝန်းကျင်ရမယ်ဆိုရင် ခြောက်လအတွင်း သိန်း ၃၀၀ လောက် ရမယ်။ အိမ်အကြွေးဆပ်နိုင်မယ်။ အိမ်ဆိုင်လေး ပြန်ဖွင့်နိုင်မယ်။

အဲဒီအတွေးနဲ့ အလုပ်ကို လက်ခံခဲ့ပါတယ်။

အလုပ်ခေါ်သူက နယ်စပ်မြို့ ကျိုင်းတုံကို သွားရမယ်လို့ ပြောပြီး လမ်းစရိတ်နဲ့ စားစရိတ် ပေးမယ်၊ နယ်စပ်ရောက်ရင် ပထမလ စရန်ငွေ ကျပ်သိန်း ၅၀ ပေးမယ်လို့ ဆိုပါတယ်။

သူမဟာ မှတ်ပုံတင်ကိုင်ပြီး အိမ်ကနေ ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ခရီးက ကျိုင်းတုံမှာ မရပ်ခဲ့

သူမပြောပြချက်အရ “ဝ”ဒေသအတွင်းရှိ မိုင်းပေါက်ကို ရောက်ပြီး သုံးရက်ခန့် နေခဲ့ကာ နောက်ပိုင်း တရုတ်နိုင်ငံဘက် နယ်စပ်ကို ဖြတ်ပြီး ကားနဲ့ ဆက်လက်သွားခဲ့ရပါတယ်။

အလုပ်ခေါ်ပေးသူက အဝတ်အစားနဲ့ အသုံးအဆောင်တွေ ဝယ်ပေးပြီးနောက် မြို့တစ်မြို့ကနေ တောလမ်းအတိုင်း ဆိုင်ကယ်နဲ့ ထပ်မံခေါ်ဆောင်ခဲ့ပါတယ်။

နောက်ဆုံးရောက်တဲ့နေရာက ကျေးရွာတစ်ရွာ။

သူမနေရမယ့် အမျိုးသားက ဒေသခံတိုင်းရင်းသားတစ်ဦးဖြစ်ပြီး နှစ်ဦးစလုံး တစ်ယောက်စကားကို တစ်ယောက် မနားလည်ကြပါဘူး။ ဖုန်းထဲက ဘာသာပြန်ဆော့ဖ်ဝဲနဲ့ ဆက်သွယ်ကြရပါတယ်။

တစ်ပတ်ခန့်အကြာမှာ သူမအတွက် မင်္ဂလာပွဲတစ်ခု ပြုလုပ်ပေးခဲ့ပါတယ်။

သူမပြောပြချက်အရ ဒေသခံထုံးတမ်းအတိုင်း ဝက်တစ်ကောင်နဲ့ မင်္ဂလာပွဲလုပ်ပေးခဲ့ပြီး အမျိုးသားရဲ့ မိခင်ကလည်း လိုအပ်တာတွေကို ကူညီပေးခဲ့ပါတယ်။

ဒါပေမယ့် သူမစိတ်ထဲမှာ မေးခွန်းတစ်ခု ပေါ်လာခဲ့ပါတယ်။

“ကျွန်မ ဒီမှာ တစ်သက်လုံး နေရတော့မှာလား”

ပွဲစားအမျိုးသမီးက ခြောက်လပြည့်ရင် ပြန်လာခေါ်မယ်လို့ ပြောထားပါတယ်။

ခြောက်လပြည့်တော့ ပွဲစားအမျိုးသမီး တကယ်ပြန်ရောက်လာပါတယ်။ ဒါပေမယ့် သူမအိမ်ကို မပြန်ရသေးပါဘူး။

နောက်ထပ်ခြောက်လ လုပ်ဦးမလားလို့ မေးခဲ့ပြီး ပထမအကြိမ်ရတဲ့ လုပ်အားခတွေ အိမ်ကို ပို့ပြီးပြီ၊ နောက်ထပ်ရမယ့်ငွေက အပိုငွေဖြစ်ပြီး စီးပွားရေးလုပ်နိုင်မယ်လို့ ပြောခဲ့ပါတယ်။သူမလည်း သဘောတူခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယအမျိုးသားနဲ့ နေရတဲ့အချိန်မှာ အခြေအနေတွေ ပြောင်းလဲသွားပါတယ်။

သူမပြောပြချက်အရ အိမ်အလုပ်အားလုံးကို လုပ်ရပြီး အခန်းအပြင် ထွက်ခွင့်မရတော့သလို ဖုန်းကိုလည်း လွတ်လပ်စွာ အသုံးမပြုနိုင်တော့ပါဘူး။

အိမ်ဖော်တစ်ဦးလို ဆက်ဆံခံရပြီး အစားအသောက်လည်း လုံလောက်အောင် မစားရတော့ဘူးလို့ သူမက ပြောပါတယ်။

အဲဒီအချိန်မှာ သူမရဲ့ ရည်ရွယ်ချက်က ငွေရှာဖို့ မဟုတ်တော့ပါဘူး။ထွက်ပြေးဖို့ ဖြစ်လာပါတယ်။

နောက်ဆုံး အရင်အလုပ်ခေါ်ပေးခဲ့တဲ့ ပွဲစားအမျိုးသမီးကို ပြန်လာခေါ်ပေးဖို့ ဆက်သွယ်ခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ သတ်မှတ်ချက်အရ လူတစ်ဦးရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး လှည့်ဖြားခြင်း၊ အတင်းအကျပ်ပြုခြင်း သို့မဟုတ် ခေါင်းပုံဖြတ်အသုံးချခြင်း ပါဝင်လာရင် လူကုန်ကူးမှုဆိုင်ရာ အမှုဖြစ်နိုင်ပါတယ်။

ဒီလိုဖြစ်စဉ်တွေကို နယ်စပ်ဒေသတွေအတွင်း အကြိမ်ကြိမ် တွေ့လာရပါတယ်။ ၂၀၂၅ ခုနှစ်မှာ ကုလသမဂ္ဂမြန်မာနိုင်ငံရုံးက Eastern Shan မှ အမျိုးသမီးတစ်ဦးဟာ “အတွေ့အကြုံမလို၊ တစ်လ ယွမ် ၁၀,၀၀၀” ဆိုတဲ့ အလုပ်ခေါ်စာကြောင့် တရုတ်နိုင်ငံကို ရောက်ရှိသွားပြီး နောက်ဆုံး အတင်းအကျပ် လက်ထပ်ခိုင်းခံခဲ့ရတဲ့ ဖြစ်ရပ်ကို ဖော်ပြခဲ့ပါတယ်။

၂၀၂၆ ခုနှစ်အတွင်း မူဆယ်နယ်စပ်ဒေသမှာလည်း အလုပ်ကောင်းရမယ်ဆိုတဲ့ ကမ်းလှမ်းချက်နဲ့ ခေါ်ဆောင်ခံရပြီး လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ ဖုန်းနဲ့ မှတ်ပုံတင် သိမ်းဆည်းခံရမှု၊ သွားလာခွင့် ကန့်သတ်ခံရမှုတွေ ပါဝင်တဲ့ ဖြစ်ရပ်တွေကို မီဒီယာတွေက ဆက်တိုက်ဖော်ပြခဲ့ပါတယ်။

ရရှိနိုင်တဲ့ အစိုးရနဲ့ နိုင်ငံတကာဒေတာတွေက လူကုန်ကူးမှုဟာ မှတ်တမ်းတင်ထားနိုင်တာထက် ပိုမိုကျယ်ပြန့်နိုင်ကြောင်း ပြသနေပါတယ်။

အမေရိကန် State Department ရဲ့ ၂၀၂၄ TIP Report အရ ၂၀၂၃ ခုနှစ်အတွင်း မြန်မာအာဏာပိုင်တွေက လူကုန်ကူးခံရသူ ၅၇ ဦးကို ဖော်ထုတ်ခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက ၄၇၉ ဦးကို ကူညီခဲ့ပါတယ်။ အဲဒီထဲက ၃၉၅ ဦးဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။

မြန်မာအစိုးရဘက်ကလည်း ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၁၃ ရက်အထိ လူကုန်ကူးမှု ၁၃၉ မှုကို စုံစမ်းစစ်ဆေး တရားစွဲဆိုခဲ့ပြီး တရားခံ ၄၀၂ ဦးကို အရေးယူခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ဒီကိန်းဂဏန်းတွေဟာ ဖြစ်ပွားမှုအားလုံးကို ကိုယ်စားပြုတာ မဟုတ်ပါဘူး။ အာဏာပိုင်တွေ ဒါမှမဟုတ် အဖွဲ့အစည်းတွေက ဖော်ထုတ်နိုင်ခဲ့တဲ့ ဖြစ်စဉ်တွေကိုသာ မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။

ဒီအမျိုးသမီးအတွက် ယွမ် ၂၀,၀၀၀ ဆိုတာ ချမ်းသာချင်လို့ ရွေးချယ်ခဲ့တဲ့ နံပါတ် မဟုတ်ပါဘူး။ အိမ်မဆုံးရှုံးချင်လို့ပါ။

ဖခင်ရဲ့ ယာဉ်မတော်တဆမှု၊ ကျန်းမာရေးကုန်ကျစရိတ်၊ အိမ်အကြွေးနဲ့ မိသားစုကို ပြန်ထူထောင်ချင်တဲ့ ဆန္ဒတွေဟာ သူမရဲ့ ဆုံးဖြတ်ချက်အပေါ် သက်ရောက်ခဲ့ပါတယ်။

လူကုန်ကူးမှုမှာလည်း လူတစ်ဦးရဲ့ စီးပွားရေးအခက်အခဲနဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး လစာမြင့်အလုပ်၊ ပြည်ပအလုပ်၊ လွယ်လွယ်ကူကူ ငွေရနိုင်မယ့် အခွင့်အရေးအဖြစ် ကမ်းလှမ်းတတ်ကြောင်း ကုလသမဂ္ဂက သတိပေးထားပါတယ်။

သူမဟာ အိမ်အကြွေးဆပ်ဖို့ အလုပ်ရှာခဲ့ပါတယ်။ နယ်စပ်ကို ဖြတ်ခဲ့ပါတယ်။ မင်္ဂလာပွဲတစ်ခုကို ရင်ဆိုင်ခဲ့ပါတယ်။ ခြောက်လစောင့်ခဲ့ပါတယ်။

နောက်ထပ်အမျိုးသားတစ်ဦးဆီ လွှဲပြောင်းခံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ငွေရှာဖို့မဟုတ်ဘဲ လွတ်မြောက်ဖို့ ကြိုးစားခဲ့ရပါတယ်။

ဒီဇာတ်လမ်းရဲ့ အရေးကြီးဆုံး မေးခွန်းက “ဘာကြောင့် သူမ အဲဒီအလုပ်ကို လက်ခံခဲ့သလဲ” မဟုတ်ပါဘူး။

အန္တရာယ်ရှိတဲ့ အလုပ်တစ်ခုကို မိသားစုဘဝက ဘယ်လောက်အထိ ဆွဲဆောင်နိုင်သလဲ၊ အလုပ်ရှာဖွေသူတွေကို ကာကွယ်ဖို့ နယ်စပ်ဖြတ်ကျော်လူကုန်ကူးမှုကွန်ယက်တွေကို ဘယ်လောက်အထိ ရှာဖွေဖော်ထုတ်နိုင်ကြသလဲ ဆိုတာပါ။

သူမအတွက်တော့ ယွမ် ၂၀,၀၀၀ ဆိုတာ မိသားစုအိမ်ကို ကယ်တင်ဖို့ ကြိုးစားမှုရဲ့ အစပါ။ ဒါပေမယ့် အဲဒီနံပါတ်ရဲ့နောက်ကွယ်မှာ သူမ မမြင်ခဲ့တဲ့ ထောင်ချောက်တစ်ခု ရှိနေခဲ့ပါတယ်။ အလုပ်တစ်ခုရှာရင်း အိမ်ကို ကယ်ဖို့ထွက်လာခဲ့တဲ့ သူမဟာ နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ကယ်တင်ဖို့ လမ်းရှာခဲ့ရပါတယ်။

ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးမှုတွေနဲ့ အတူ ပြည်တွင်းစစ်ရဲ့ ရိုက်ခတ်မှုတွေကြောင့် စီးပွားပျက်၊ ဘဝပျက်ကာ “သူမ”လို တွေ့ရာမြက်ပင်ဆွဲငင်ယူရင်း ဖြတ်သန်းနေတဲ့ ဘဝတွေ ဘယ်လောက်များ ရှိနေခဲ့ပြီလဲ……….

#လူကုန်ကူးမှု

#HumanStory

#လူပွဲစား

#နိုင်ငံရပ်ခြား

#အငှါးမိန်းမ

#ဆောင်းပါး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin