၂၈ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)
စွန်ရဲ
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် မယ်ဆရီးယန်းမြို့နယ်မှာ မြန်မာနိုင်ငံကနေ မှောင်ခိုတင်သွင်းလာတဲ့ ဘတ် ၂၀၀,၀၀၀ ကျော်တန်ဖိုးရှိ မြန်မာနိုင်ငံထုတ် ဆန်နဲ့ ခြင်ဆေးခွေများကို ထိုင်းအာဏာပိုင်များက သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းအကောက်ခွန်ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စက်တင်ဘာ ၂၅ ရက်နေ့က ကုန်တင်ပစ်ကပ်ကားတစ်စီး ထိုင်းနိုင်ငံအတွင်း တရားမဝင်ပြည်ပထုတ် ကုန်ပစ္စည်းများ မှောင်ခိုသယ်ဆောင်လာပြီး ဝင်ရောက်လာမယ့် သတင်းအရ ထိုင်းအာဏာပိုင်များက မဲဆောက်-မယ်ဆရီးယန်း အဝေးပြေးလမ်းမကြီး အမှတ် (၁၀၅) ပေါ်မှာ တားဆီးစစ်ဆေးခဲ့ပြီး ထိုမြန်မာကုန်ပစ္စည်းများကို ဖမ်းဆီးသိမ်းဆည်းခဲ့တာဖြစ်ပါတယ်။
စစ်ဆေးရာမှာတော့ မြန်မာနိုင်ငံထုတ် “ရှင်းရှင်း ရွှေဘိုပေါ်ဆန်းမွှေး” စာသား အမှတ်တံဆပ်ပါ ဆန်နှင့် “ဂေါ်ဇီလာ” အမှတ်စာသား တံဆပ်ပါ ခြင်ဆေးခွေများကို တွေ့ရှိခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ ထိုင်းဘတ် (၂၀၀,၀၀၀) ကျော်ရှိကြောင်း ထိုင်းအကောက်ခွန်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါ ကုန်ပစ္စည်းများမှာ ထိုင်းအကောက်ခွန်လုပ်ထုံးလုပ်နည်းများအတိုင်း တင်သွင်းထားတဲ့ အထောက်အထား စာရွက်စာတမ်းများ မရှိတဲ့အတွက် ကုန်ပစ္စည်းများနှင့် သယ်ဆောင်လာတဲ့ မော်တော်ယာဉ်ကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းလိုက်ပါတယ်။
ထိုင်းနိုင်ငံအတွင်းကို မှောင်ခိုတင်သွင်းလာတဲ့ ယာဥ်မောင်းကိုလည်း မယ်ဆရီးယန်းမြို့နယ်ရှိ အကောက်ခွန်ဦးစီးဌာနရဲ့ အမှုစစ်ဆေးရေးဌာနကို လွှဲပြောင်းခဲ့ပြီး ၂၀၁၇ ခုနှစ် ထိုင်းအကောက်ခွန်ဥပဒေအရ အကောက်ခွန်လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တင်သွင်းထားခြင်းမရှိတဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူလက်ခံမှုနဲ့ အရေးယူနိုင်ဖို့ ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

