Language:

တာချီလိတ်ခရိုင်အတွင်း အသား၊ ငါးနှင့် မွေးမြူရေးထုတ်ကုန်များ ဖူလုံစေဖို့ မွေးမြူရေးလုပ်ငန်းရှင်နှင့် လုပ်သားများ ပိုမိုလိုအပ်


တာချီလိတ်ခရိုင်အတွင်း အသား၊ ငါးနှင့် မွေးမြူရေးထုတ်ကုန်များ ဖူလုံစေဖို့ မွေးမြူရေးလုပ်ငန်းရှင်နှင့် လုပ်သားများ ပိုမိုလိုအပ်

၂၆ စက်တင်ဘာ ၂၀၂၆ (Eastern Thanlwin)

ဇင်ကြီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း အသား၊ ငါးနှင့် မွေးမြူရေးထုတ်ကုန်များကို ဒေသတွင်းမှာ လုံလောက်စွာ ထုတ်လုပ်ဖြည့်ဆည်းနိုင်ဖို့အတွက် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မယ့်သူတွေနဲ့ လုပ်သားတွေ ပိုမို လိုအပ်လာနေတယ်လို့ တာချီလိတ်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သိရပါတယ်။

တာချီလိတ်မြို့ရဲ့ အသား၊ ငါးနဲ့ မွေးမြူရေးထုတ်ကုန်ဈေးကွက်မှာ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်က ဝင်ရောက်လာတဲ့ ထုတ်ကုန်တွေကို အများအပြား ရောင်းချနေရပြီး ဒေသခံစားသုံးသူတွေရဲ့ နေ့စဉ်လိုအပ်ချက်ကို ဖြည့်ဆည်းရာမှာလည်း အဆိုပါထုတ်ကုန်တွေက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့ သိရပါတယ်။

ဒေသတွင်း မွေးမြူရေးလုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်နိုင်ဖို့အတွက် လုပ်ငန်းရှင်တွေ ပိုမိုဝင်ရောက်လာဖို့ လိုအပ်သလို မွေးမြူရေးလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ နည်းပညာ၊ ကျွမ်းကျင်လုပ်သားနဲ့ ဈေးကွက် အခြေအနေတွေကလည်း အရေးကြီးတယ်လို့ သိရပါတယ်။

“ဒေသအတွက်ထုတ်မယ်ဆိုရင်တော့ ဈေးကွက်ခိုင်မှုလိုတာပေါ့၊လုပ်ငန်းလုပ်ကိုင်မဲ့သူနဲ့ လုပ်သားတွေလည်း လိုပါတယ် လုပ်ငန်းရှင်တွေအနေနဲ့လည်း မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ချင်တယ်ဆိုရင် ကျွန်တော်တို့က နည်းပညာအရ ပံ့ပိုးပေးဖို့ကတော့ အချိန်မရွေးပါပဲ။” လို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဒေါက်တာကျော်ကျော်စိုးမှ အရှေ့သံလွင် သတင်းမီဒီယာကို ပြောပါတယ်။

လက်ရှိမှာတော့ တာချီလိတ်ခရိုင်အတွင်း ဒေသစားသုံးမှုအတွက် လိုအပ်တဲ့ အသား၊ ငါးနဲ့ မွေးမြူရေးထုတ်ကုန်တွေကို ဒေသတွင်းမှာ လုံလောက်စွာ ထုတ်လုပ်နိုင်ဖို့ မွေးမြူရေးလုပ်ငန်းရှင်တွေနဲ့ လုပ်သားတွေ လိုအပ်နေပြီး ဒေသခံကုန်သည်တွေက ဒေသတွင်းထုတ်ကုန်ထက် ထိုင်းဘက်က ထုတ်ကုန်တွေကို ပိုမိုရောင်းချနေကြတာဖြစ်ပါတယ်။

“အန်တီတို့လုပ်စားတဲ့သက်တန်းမှာတော့ ဒီဘက်က ဘာမှကောင်းကောင်းမွန်မွန်မရဘူး၊ ယူလို့ရလည်း ရောင်းမရဘူး ၊သူတို့လာပို့လည်းအရွယ်မညီဘူး ဆိုဒ်မညီဘူး ၊ပြည့်ပြည့်တင်းတင်းလည်းမရှိ့ဘူး၊ ဒီဘက်ကယူလည်း မလုံလောက်ဘူး ပစ္စည်းတွေကလည်းအကုန်ရောပြီးလာတာလို့” တာချီလိတ်မြို့ ဆန်ဆိုင်းဈေးမှာ အသား၊ငါးနှင့် မွေးမြူရေးထုတ်ကုန်များရောင်းချနေတဲ့ ဈေးသည်တစ်ဦးက အရှေ့သံလွင် သတင်းမီဒီယာကို ပြောပါတယ်။

ဒေသတွင်းထုတ်ကုန်တွေ လိုအပ်ချက်အတိုင်း မရရှိတဲ့အခြေအနေမှာ ထိုင်းနိုင်ငံဘက်ကနေ ဝင်ရောက်လာတဲ့ အသားနဲ့ ကုန်စိမ်းတွေကိုလည်း တာချီလိတ်ဈေးကွက်အတွင်း တွေ့ရဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ထိုင်းနိုင်ငံဘက်ကနေ မြန်မာနိုင်ငံ တာချီလိတ်ဘက်ကို သယ်ဆောင်လာတဲ့ အေးခဲအသားနဲ့ ကုန်စိမ်းတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ပေမယ့် လက်ရှိမှာတော့ အဆိုပါ ထုတ်ကုန်တွေကို ပြန်လည်သယ်ယူရောင်းချနေကြပြီး မြို့ပေါ်ရှိ ဈေးကြီးတွေမှာလည်း ရောင်းချနေကြပြီဖြစ်ပါတယ်။

ထိုကြောင့်ဒေသတွင်း မွေးမြူရေးလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးလာပါက တာချီလိတ်ဒေသရဲ့ အသား၊ ငါးနဲ့ မွေးမြူရေးထုတ်ကုန် လိုအပ်ချက်တွေကို ဒေသတွင်းကနေ တစ်စိတ်တစ်ပိုင်း ပိုမိုဖြည့်ဆည်းနိုင်လာသလို မွေးမြူရေးလုပ်ငန်းနဲ့ ဆက်စပ်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း တိုးလာနိုင်တယ်လို့ သိရပါတယ်။

#တာချီလိတ်ခရိုင်

#အသား

#ငါးမွေးမြူရေး

#မွေးမြူရေးလုပ်ငန်းရှင်

#လုပ်သား

#စီးပွားရေး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin