Language:

မြန်မာ့ငွေခေတ်ဘောလုံးလောကကို ခေါင်းတိုက်ဂိုးများနှင့် အလှဆင်ခဲ့သူ၏ ကြယ်ကြွေခရီး


မြန်မာ့ငွေခေတ်ဘောလုံးလောကကို ခေါင်းတိုက်ဂိုးများနှင့် အလှဆင်ခဲ့သူ၏ ကြယ်ကြွေခရီး

၂၅ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)

NC (သတင်းဆောင်းပါ)

ဂိုး……..ဂိုးပါတယ်ခင်ဗျာ။ မြန်မာအသင်းတောင်ပံကနေ သန်းဝေ ဂိုးဧရိယာထဲကို လှလှပပ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို တိုက်စစ်မှူးဝင်းအောင်က လှလှပပ ဂိုးသွင်းယူလိုက်တာဖြစ်ပါတယ်။ မြန်မာ့အသံက အစီအစဉ်တင်ဆက်သူရဲ့ အားပါးတရတင်ဆက်သံနှင့်အတူ မြန်မာဘောလုံးပရိတ်သတ်တွေရဲ့စိိတ်ကျေနပ် အားရစေခဲ့တဲ့ ဂိုးတွေ သွင်းပြခဲ့တဲ့ လက်ရွေးစင်တိုက်စစ်မှူး ဝင်အောင်ပဲ ဖြစ်ပါတယ်။

“တိုင်မင် (Timing)၊ ဂျန့်ပင် (Jumping)၊ ခေါင်းတိုက်စကေး (Heading) ကို သူလိုထူးချွန်တဲ့ကစားသမားမျိုး မြန်မာမှာရှားပါတယ်။ ရှိကိုမရှိဘူးပေါ့နော်” ဟု အသင်းပေါ်ဟောင် ဦးသန်ဝေက ဆိုသည်။

ခေါင်းတိုက်ဂိုးဆို ဝင်းအောင် ဆိုပြီးထင်ပေါ်ခဲတာက ပြည်တွင်းမှာသာမက စင်ကာပူ၊ ထိုင်းစတဲ့ နိုင်ငံက ကလပ်တွေကပါ အသိအမှတ်ပြုခံထားရသူတစ်ဦးပါ။ ၁၉၈၅ ခုနှစ် မွန်ပြည်နယ် ကျောင်းသားအားကစားသမားအဖြစ် ဘောလုံးလောကကို စတင်ခြေချခဲ့ပြီးနောက် ၁၉၈၆ မွန်ပြည်နယ် U 19 လက်ရွေးစင်၊ ၁၉၈၇ မွန်ပြည်နယ် လက်ရွေးစင်းအသင်း၊ ၁၉၈၈ ဆောက်လုပ်ရေးအသင်း(ထိုအချိန်က မြန်မာနိုင်ငံရဲ့ အဆင့်အမြင့်ဆုံး ပထမတန်းပြိုင်ပွဲဝင်အသင်း)၊ ၁၉၈၉ ခုနှစ်မှာ မြန်မာ့လက်ရွေးစင် ကစားသမားအဖြစ် ကစားသမားဘ၀ကို နှစ်စဉ် အဆင့်မြင့်အောင် စွမ်းဆောင်နိုင်ခဲ့သူတစ်ဦးပါ။

“သူက ထရိန်နင်မစခင်ထဲက တစ်ကိုယ်လုံးကို ဆီတွေလူး ခြေထောက်ကို နှစ်ဖက်လုံးပတ်တီးတွေပါတ် အကြောတွေ တကိုယ်လုံးလျှော့ ပြီးတော့ သေချာအနားယူပြီးတော့ အားမွေးတတ်တဲ့လူဗျ” ဟု ဦးသန်းဝေက ဆက်ပြောသည်။

ဦးဝင်းအောင်ရဲ့ စွမ်းဆောင်ရည် ကောင်းတွေဟာ ပြန်တွင်းမှာတင် ရပ်တန့်နေတာမဟုတ်ဘဲ ထင်ပေါ်ရင် စင်တော်ကကောက်ဆိုတဲ့အတိုင်း ၁၉၉၁ ခုနှစ် စင်ကာပူ ကလပ် Tyrwhitt Soccerites က ကြေးစားဘောလုံးသမားအဖြစ်ခေါ်ယူခဲ့သလို ၁၉၉၂ ခုနှစ်မှာ Balestier United (စင်ကာပူကလပ်)ထံပြောင်းရွေ့ကစားခဲ့ပီး President’s Cup ဆုဖလားကိုပါ ရယူနိုင်ခဲ့သူပါ။

“သူဆုံးသွားတဲ့ သတင်းကိုကြားရင် စင်္ကာပူပရိတ်သတ်တွေ ဝမ်းနည်းနေလောက်ပြီဗျ။ သူက ဝင်းအောင်ဆိုပြီးတော့ စင်္ကာပူပရိတ်သတ်တွေကြားမှာ နာမည်ကြီးခဲ့တဲ့ လူတစ်ယောက်ပေါ့” ဟု တိုက်စစ်ကစားဖော်ဟောင် ဦးမျိုးလှိုင်ဝင်းက ဦးဝင်အောင် ကွယ်လွန်သည့်နေ့တွင် ဝမ်းနည်းစွာဆိုသည်။

တိုက်စစ်မှူးဦးဝင်းအောင်ဟာ ၁၉၉၃-၉၅ ခုနှစ်တွေမှာတော့ Sea games/ Asian games ပြိုင်ပွဲတွေရှိနေတာကြောင့် ပြည်ပမှ ဆောင်လုပ်ရေးအသင်းထံ ပြန်လည်ပြောင်းရွေ့လာခဲ့ပြီ ၁၉၉၃ Sea game ပြိုင်ပွဲရဲ့ နိုင်ငံလက်ရွေးစင်ကစားသမားအဖြစ် သန်းတိုးအောင်၊ မျိုးလှိုင်ဝင်း၊ ကြည်လွင်၊ အောင်ကျော်ကျော်တို့နဲ့အတူ ငွေတံဆိပ်ဆွတ်ခူးခဲ့ကာ မြန်မာ့ဘောလုံး ငွေခတ်ကို ထူထောင်ခဲ့သူတွေထဲမှာ ဦးဝင်းအောင်က အသင်းအတွက် အဓိကတိုက်စစ်မှူးတစ်ဦးအဖြစ် ပါဝင် အသုံးတော်ခံခဲ့သူပါ။

၁၉၉၄ Asian games ကာတာနဲ့ပွဲမှာလဲ ၂-၀ နဲ့မြန်မာအသင်းရှုံနိမ့်နေချိန် ပွဲချိန် ၈၁ မိနစ်အရောက်မှာ ဦးဝင်အောင်ဟာ သူ့ရဲ့ Heading Specialist ဆိုတဲ့ဂုဏ်ပုဒ် ခေါင်းတိုက်ဂိုးနဲ့ ချေးပဂိုးသွင်းယူပေးခဲ့ပြီး ပွဲအပြီးမှာ ၂-၂ သရေကျအောင် ကယ်တင်နိုင်ခဲ့ပါတယ်၊၊

၁၉၉၅-၉၆ ရာသီမှာတော့ ဘဏ္ဍာအခွန်အသင်းရဲ့ တော်ကောက်ခြင်းကို ခံခဲ့ရပြီး ပထမတန်းချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သလို ၁၉၉၆ Tiger Cup ပြိုင်ပွဲဝင်မဲ့ မြန်မာ့လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရပြီး အသင်းအတွက် ၄ ပွဲကစား ၄ဂိုးသွင်းယူကာ သူရဲ့ တိုက်စစ်စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြန်ပါသေးတယ်။

၁၉၉၇ Sea games ယှဉ်ပြိုင်အပြီးမှာတော့ အသက် ၃၁ နှစ်ရှိပြီးဖြစ်လို့ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။ ဘဏ္ဍာအခွန်အသင်းမှာ ၁၉၉၅-၉၆ ရာသီကနေ ၂၀၀၅-၀၆ အထိကစားခဲ့ပြီး ပထမတန်းချန်ပီယံဆိုကို ၉ ကြိမ်အထိ ရရှိခဲ့ကာ ကစားသမားဘ၀မှအနာယူပြီး လူငယ်အကယ်ဒမီနည်းပြအဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာတော့ မိသားစုနဲ့အတူ ရန်ကုန်မှာ ကုန်စုံဆိုင်လေးဖွင့်ရင်းနေထိုင်ခဲ့ပါတယ်။

ဦးဝင်းအောင်ဟာ ကစားသမားဘ၀မှာ တကယ်ကိုရှားပါတဲ့ အသောက်အစားကင်းတဲ့ကစားသမားဖြစ်သလို ဘာသာတရားလဲ အလွန်ကိုကိုင်းရှိုင်းသလို လေ့ကျင့်ခန်းတွေကိုလဲ စနစ်တကျပြုလုပ်တက်သူဖြစ်ပြီး ပွဲကစားတာ လေ့ကျင့်ခန်းလုပ်တာတွေအတွက် ကုန်ဆုံးသွားတဲ့ အားအင်တွေကိုလဲ အနားယူချိန်မှာလဲ စနစ်တကျပြန်လည်ဖြည့်တင်းတက်သူအဖြစ် အသင်ဖော်နဲ့ လူငယ်ကစားသမားတွေကြား အတုယူရလောက်တဲ့ ကစားသမားတစ်ဉီးဖြစ်ခဲ့တယ်လို့ အသင်းဖော်တွေက ထုတ်ဖော်ချီးကျူးထားခံရသူပါ။

သူတို့ခတ် သူတို့ကာလတွေမှာ ပထမတန်းကစားသမားအဖြစ် စာရင်အသွင်းခံရပြီဆိုရင် ပြည်နယ်တိုင်းအဆင့်လည်း ပြန်ဆင်းကစားလို့ မရတော့တဲ့အတွက် ခြေစွမ်းခြေစ မရှိတော့လို့ဘဲဖြစ်ဖြစ် သွေနထင်ရောက်ပီး ကြိုးစားအားထုတ်မှုမရှိလို့ဘဲဖြစ်ဖြစ် အသင်းကထုတ်ပယ်လိုက်ရင် ခုခတ်လို ဒုတိယအခွင့်အရေးဆိုတာမရှိတော့တဲ့ အနေအထားမှာ နယ်မြို့လေးကနေ ဘောလုံးကိုချစ်ပြီး အလုံးစုံးစွန်စားပြီး ကာလကြာရှည် ထိတ်တန်းအဆင့်မှ ရပ်တည်ပြနိုင်တဲ့ လေးစားစရာ ကစားသမားတွေအထဲမှာ ဦးဝင်းအောင် တစ်ယောက်အပါအဝင်ပါ။

၁၉၉၀ ဝန်ကျင်ကာလမှာ ဘောလုံးကို နယ်မြို့လေးကနေ နိုင်ငံလက်ရွေးစင်ကစားသမားဖြစ်လာဖို့ဆိုတာ အလွန်ခက်ခဲတဲ့စွန်စားမှုဖြစ်ပြီး တော်ရုံရူးသွပ်မှုနဲ့ ဖြစ်လာနိုင်တဲ့အရာမဟုတ်ဘဲ ဇွဲ၊လုံးလ၊ ကြိုးစားအားထုတ်မှု အဘက်ဘက်ကပြည့်စုံမှသာ ရောက်ရှိနိုင်တဲ့ နေရာတစ်ခုပါ။

အဲ့လိုနေရာတစ်ခုကို မွန်ပြည်နယ် ကျောင်းသားအားကစားသမားလေးဘဝကနေ ကြိုးစားရုန်းကန်ပြီး မြန်မာ့ဂုဏ်ဆောင် လက်ရွေးစင် ကစားသမားဘဝကိုတင်မက နိုင်ငံခြားကလပ်အသင်းတွေအထိ သွားရောက်ကစားကာ ပရိတ်သတ်တွေ ရင်ထဲမှာ ခေါင်းတိုင်ဂိုးဆို ဝင်းအောင်ဘဲလို့ နေရာယူနိုင်အောင်အထိ စွမ်းဆောင်ပြနိုင်ခဲ့တဲ့ ဦးဝင်းအောင် တစ်ယောက် ၂၀၂၆ စက်တင်ဘာလ ၁၃ ရက် ညနေ ၄ နာရီခွဲခန့် ရန်ကုန်မြို့ တာမွေမြို့နယ် အာယုဆေးရုံးမှာ အဆုတ်ထဲရေဝင်တဲ့ရောဂါကို ကုသမှုခံယူရင်း သူချစ်တဲ့ မိသားစုနဲ့ ဘောလုံးအားကစား ကိုအပြီးအပိုင်နှုတ်ဆက်လမ်းခွဲသွားခဲ့ပါတယ်။

“မိသားစုနဲ့အတူထပ်တူးဝမ်းနည်းမိတာပေါ့။ သူငယ်ချင်းဆိုပေမယ့် သူငယ်ချင်းထက်ပိုတဲ့ ညီအကိုအရင်းအချာလို့ ငယ်ငယ်လေးထဲက တူတူတွဲပြီးကစားလာတာလေ။ အလုပ်လုပ်တာလဲ တူတူပဲလေ အဲတော့ သူအရင်ထွက်သွားတော့ မိသားစုနဲ့တူတူဝမ်းနည်းရပါတယ်” ဟု ဦးမျိုးလှိုင်ဝင်းက ဆိုသည်။

ဆောက်လုပ်ရေးမှာလဲ တူတူ၊ ဘဏ္ဍာအခွန်မှာလဲတူတူ၊ ယိုးဒယားထွက်တုန်းကလဲတူတူပဲ နိုင်ငံအသင်းမှာလဲ တူတူကစားခဲ့တာဆိုတော့ အခုလိုထွက်ခွာသွားတော့ မိသားစုနဲ့ထပ်တူဝမ်းနည်းရတယ်ကွာ” ဟု သူငယ်ချင်းကစားဖော်ဟောင်း သန်းဝေကလဲဆိုသည်။

မြန်မာလက်ရွေးစင်ဘောလုံးအသင်းအတွက် ခေါင်းတိုက်ဂိုးတွေနဲ့ ပရိတ်သတ်ကိုဖျော်ဖြေပေးခဲ့တဲ့ ဦးဝင်းအောင် ကောင်းမွန်ရာဘုံဘဝကို ရောက်ပါစေကြောင်း ဒီဆောင်းပါးနဲ့ အရှေ့သံလွင်သတင်းဌာနမှ ဆုတောင်းပေးလိုက်ပါတယ်။

#အားကစား

#ဝင်းအောင်

#မြန်မာအားကစား

#မြန်မာ့ဘောလုံလောရွှေခေတ်

#AsianFootball

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin