၂၅ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)
ဗကြီး
လာအိုနိုင်ငံတဝန်း အာဖရိကဝက်တုပ်ကွေး (ASF)ရောဂါပျံ့နှံ့မှုကြောင့် ဒေသအာဏာပိုင်များက ဝက်တွေနဲ့ ဝက်သားသယ်ဆောင်ခွင့်ကို ကန့်သတ်ထားချိန် ဗီယန်ကျန်းမြို့တော်မှာ ဝက်သားပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ လာအိုနိုင်ငံပိုင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဗီယန်ကျန်းမြို့တော် ဆန်းသွန်းဒေသအပါအဝင် ဒေသနှစ်ခု ကျေးရွာသုံးရွာမှာ အာဖရိကဝက်တုပ်ကွေးရောဂါ ပျံ့နှံ့နေပြီး ကျေးရွာနှစ်ရွာမှာ ဝက် ၁၁၅ ကောင် သေဆုံးခဲ့ရတယ်လို့ လာအိုနိုင်ငံပိုင် မီဒီယာတွေက အတည်ပြုဖော်ပြထားပါတယ်။
အဆိုပါ ရောဂါ ပျံ့နှံ့မှုကို စက်တင်ဘာ ၄ ရက်ကတည်းက ထိန်းချုပ်ထားနိုင်ပြီး ဝက်သားရောင်းချမှုများ ပုံမှန်ပြန်ဖြစ်လာမယ်လို့ မျှော်လင့်ကြောင်း ဒေသဆိုင်ရာ သဘာဝပတ်ဝန်းကျင် အရာရှိတွေက ပြောထားပေမယ့် မြို့တော်သို့ ဝက်နဲ့ ဝက်သားသယ်ယူခွင့် ကန့်သတ်တားမြစ်ထားမှု စက်တင်ဘာ ၂၅ ရက်အထိ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
အဆိုပါ ရိုက်ခတ်မှုကို ဖွန်တောင်ဈေးက ဈေးသည်တွေ ကြုံတွေ့နေရပြီဖြစ်ကာ ရောဂါပျံ့နှံ့မှုဖြစ်ပြီးနောက် အာဏာပိုင်တွေအနေနဲ့ ဝက်သားရောင်းချမှုကို တားမြစ်ထားတယ်လို့ ဒေသခံအသားရောင်းချသူတစ်ဦးက Laotian Times သတင်းဌာနသို့ ပြောကြားထားပါတယ်။
ရောဂါပျံ့နှံ့မှု ဖြစ်ပြီးနောက် အမဲသားဈေး တစ်ကီလိုကို လာအို ကစ် LAK ၂၀၀၀၀ (ကန်ဒေါ်လာ ဝဒဿမ ၉၀) မြင့်တက်ခဲ့ရပြီး အမဲသား ဝယ်လိုအား အကန့်အသတ်နဲ့ပဲ ရှိလို့ ဈေးနှုန်း မြင့်တက်လာတာကြောင့် ဖောက်သည်တွေ ဝယ်စားတော့မှာ မဟုတ်ဘဲ အသားရောင်းသူတွေ ဝင်ငွေ ထိခိုက်နေရတယ်လို့ ၎င်းဈေးသည်က အတည်ပြု ပြောဆိုထားပါတယ်။
အာဖရိက ဝက်တုပ်ကွေးဟာ မွေးမြူရေး ဝက်တွေကိုရော တောဝက်တွေကိုပါ ဒုက္ခ ပေးတဲ့ ဗိုင်းရပ်စ် ဖြစ်ပေမဲ့ လူသားတွေကိုတော့ မကူးစက်နိုင်ဘူးလို့ သိရပြီး ဗီယန်ကျန်းရဲ့ ဈေးကွက်တွေ အပေါ် ဖိအားရှိလာတာက ပိုကျယ်ပြန့်တဲ့ ရောဂါ ပျံ့နှံ့မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုထားပါတယ်။
၂၀၂၆ ခုနှစ် ဇွန်လ နောက်ပိုင်း ပြည်နယ် ၇ ခု၊ ဒေသ ၁၉ ခုနဲ့ ကျေးရွာ ၉၅ ရွာမှာ အာဖရိက ဝက်တုပ်ကွေးရောဂါ ပျံ့နှံ့ခဲ့တာ ဖြစ်တယ်လို့ လာအိုနိုင်ငံ စိုက်ပျိုးရေးနဲ့ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနက စက်တင်ဘာ (၂၄) ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်ကြောင့် ဝက်ကောင်ရေ ၁၄၀၀၂ ကောင် သေဆုံး သို့မဟုတ် သတ်ဖြတ်ပစ်ခဲ့ရကြောင်းနဲ့ တစ်ပိုင် တစ်နိုင် ဝက်မွေးမြူသူတွေ အများဆုံး ထိခိုက်ပြီး ရောဂါကြောင့် ထိခိုက်မှု စုစုပေါင်းရဲ့ ၇၉ ခိုင်နှုန်း ရှိတယ်လို့ ဝန်ကြီး ဌာနက ဖော်ပြထားပါတယ်။
ဖြစ်စဉ်တွေအရ လာအို ကစ် LAK ၅၈ ဒဿမ ၈သန်း( ကန်ဒေါ်လာ ၂ဒဿမ ၆သန်) ကျော် ဆုံးရှုံးမှုရှိနိုင်တယ်လို့ ဝန်ကြီးဌာနက ခန့်မှန်းထားကာ အာဏာပိုင်တွေအနေနဲ့လည်း ပြည်ပက ဝက်တင်သွင်းခွင့် ရပ်ဆိုင်းထားကာ ဝက်တွေ သယ်ယူခွင့်အတွက် အနီရောင်၊ အဝါရောင်နဲ့ အစိမ်းရောင်ဇုန်တွေ ခွဲပြီး ကန့်သတ်နေရပါတယ်။

