Language:

တာချီလိတ်မှာ ထိုင်းထီရောင်းချမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသား (၄)ဦးကို အမှုလုပ်ငန်းစဉ်ပြီးဆုံးမှသာ ပြန်လည်လွှဲပြောင်းပေးမည်


တာချီလိတ်မှာ ထိုင်းထီရောင်းချမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသား (၄)ဦးကို အမှုလုပ်ငန်းစဉ်ပြီးဆုံးမှသာ ပြန်လည်လွှဲပြောင်းပေးမည်

၂၄ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)

ဇင်ကြီး

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ထိုင်းထီလက်မှတ်များ ရောင်းချမှုဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ထိုင်းနိုင်ငံသား (၄)ဦးကို မြန်မာနိုင်ငံဘက်မှ တရားရေးလုပ်ငန်းစဉ်များ ပြီးဆုံးပါက ထိုင်းနိုင်ငံကို ပြန်လည်လွှဲပြောင်းပေးမယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။

ထိုင်းနိုင်ငံသား (၄)ဦး ဖမ်းဆီးခံထားရသည့်ကိစ္စနှင့် ပတ်သက်၍ စက်တင်ဘာ (၂၃)ရက်က တာချီလိတ်မြို့ရှိ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများနှင့် ချင်းရိုင်ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ထိုင်းကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဆိုပါတွေ့ဆုံပွဲတွင် ဖမ်းဆီးခံရသူများရဲ့ အမှုအခြေအနေကို ထိုင်းဘက်က မေးမြန်းခဲ့တယ်လို့သိရပါတယ်။

ဖမ်းဆီးခံထားရသူများမှာ ထိုင်းနိုင်ငံသား အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၂) ဦးဖြစ်ပြီး ထိုင်းထီလက်မှတ် ရောင်းချမှုနှင့်ပတ်သက်၍ လောင်းကစားဥပဒေပုဒ်မ ၁၈(က) ဖြင့် စွဲချက်တင် တရားစွဲဆိုထားကာ လက်ရှိတွင် တရားရုံးကအမှုကို ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

“ဒီတရားခံဖမ်းတယ်ဆိုတာလည်း ရဲတွေနဲ့ပဲ ဆိုင်ပါတယ်။ သူတို့ကို ပြန်လွှဲပြောင်းပေးဖို့ကလည်း ဒီဘက်မှာ အမှုလုပ်ငန်းစဉ်တွေ ပြီးသွားရင် လွှဲပြောင်းပေးမှာပါ။ အခုတော့ မပြီးသေးတော့ အတိအကျ ပြောလို့မရသေးပါဘူး” ဟု တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံက အရှေ့သံလွင်သို့ ပြောသည်။

ထိုင်းနိုင်ငံသား (၄)ဦးကို ဇူလိုင် (၂၅) ရက်တွင် တာချီလိတ်မြို့၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယင်းဖမ်းဆီးမှု မတိုင်မီက ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် မြန်မာနိုင်ငံသားတွေကို ထိုင်းဥပဒေနှင့် မကိုက်ညီသည့် အလုပ်အကိုင်များ လုပ်ကိုင်နေသည်ဟုဆိုကာ ထိုင်းအာဏာပိုင်များက ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် တာချီလိတ်ဒေသခံအချို့က မယ်ဆိုင်ဘက်တွင် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံနေရသည့်အခြေအနေကို တုံ့ပြန်သည့်အနေဖြင့် တာချီလိတ်မြို့တွင် ထိုင်းထီလက်မှတ် လာရောက်ရောင်းချနေသူများကိုလည်း ဖမ်းဆီးအရေးယူပေးရန် လူမှုကွန်ရက်များမှတစ်ဆင့် တိုက်တွန်းပြောဆိုမှုများ ရှိခဲ့ပြီးနောက် အဆိုပါ ထိုင်းနိုင်ငံသား (၄) ဦးကို မြန်မာဘက်ကလည်း ပြန်လည်ဖမ်းဆီးတရားစွဲဆိုခဲ့တယ်လို့သိရပါတယ်။

လက်ရှိတွင် အဆိုပါအမှုကို မြန်မာနိုင်ငံဘက်က တရားရေးလုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်နေပြီး အမှုလုပ်ငန်းစဉ်များ ပြီးဆုံးသည့်အချိန်တွင် ထိုင်းနိုင်ငံသား (၄) ဦးအား ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမည့် အခြေအနေရှိကြောင်း တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

#ထိုင်းထီ

#ထိုင်းနိုင်ငံသား

#နှစ်နိုင်ငံအစည်းအဝေး

#အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin