Language:

တာချီလိတ်မြို့ကို ထိုင်းနိုင်ငံက ဖြတ်တောက်ထားတဲ့ “ဖြတ် ၃ ဖြတ်” အစီအစဉ်အား ဖြေရှင်းနိုင်ဖို့ နှစ်နိုင်ငံအစိုးရတို့ ဆွေးနွေးညှိနှိုင်းဖို့ လိုအပ်


တာချီလိတ်မြို့ကို ထိုင်းနိုင်ငံက ဖြတ်တောက်ထားတဲ့ “ဖြတ် ၃ ဖြတ်” အစီအစဉ်အား ဖြေရှင်းနိုင်ဖို့ နှစ်နိုင်ငံအစိုးရတို့ ဆွေးနွေးညှိနှိုင်းဖို့ လိုအပ်

၂၅ စက်တင်ဘာ ၂၀၂၆ (Eastern Thanlwin)

ကိုရဲ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ကို ထိုင်းနိုင်ငံဘက်ကနေ ဖြတ်တောက်ထားတဲ့ “ဖြတ် ၃ ဖြတ်” အစီအမံကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့အကြား နှစ်နိုင်ငံအဆင့် ဆွေးနွေးညှိနှိုင်းဖို့လိုအပ်နေတယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှုးထံက သိရပါတယ်။

ထိုင်းဘက်က မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ဒေသတွေမှာ ကျားဖြန့်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို တားဆီးနှိမ်နင်းဖို့အတွက် လျှပ်စစ်၊ လောင်စာဆီနဲ့ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေ ဖြတ်တောက်ကန့်သတ်တဲ့ ဖြတ် “၃ ဖြတ်” မူဝါဒကို ချမှတ်ဆောင်ရွက်ထားတာဖြစ်ပါတယ်။

“ဒီကိစ္စကို ဆွေးနွေးပွဲတုန်းက တင်ပြတောင်းဆိုထားပါတယ်။ နှစ်ဖက်နိုင်ငံက Government to Government တွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်းမှရမယ်” လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံက အရှေ့သံလွင်သတင်းမီဒီယာကို ပြောပါတယ်။

ဖြတ် “၃ ဖြတ်” ကိစ္စကို နှစ်ဖက်အစိုးရချင်း တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး အဆင်ပြေပြေ ဖြေရှင်းနိုင်မယ်ဆိုရင် လက်ရှိဖြတ်တောက်ကန့်သတ်ထားတဲ့ လျှပ်စစ်၊ လောင်စာဆီနဲ့ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေလည်း အရင်လို ပြန်လည်အဆင်ပြေလာနိုင်ပြီး တာချီလိတ်မြို့နဲ့ မယ်ဆိုင်မြို့အကြား နယ်စပ်ကုန်သွယ်ရေးနဲ့ လူမှုစီးပွားရေး လုပ်ငန်းတွေ ပုံမှန်ပြန်လည် ကောင်းမွန်လာနိုင်မှာဖြစ်တယ်လို့ ဒေသခံတို့က ဆိုပါတယ်။

အဆိုပါ ဖြတ် “၃ ဖြတ်” မူဝါဒကြောင့် တာချီလိတ်မြို့နဲ့ နယ်စပ်ဒေသအတွင်း နေထိုင်သူတွေအပြင် တရားဝင်စီးပွားရေးလုပ်ငန်းများအပေါ်ပါ ထိခိုက်မှုတွေ ဖြစ်ပေါ်လာနေတဲ့အတွက် အစီအမံကို ပြန်လည်သုံးသပ်ပေးဖို့ မြန်မာဘက်က ထိုင်းဘက်ကို တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။

#တာချီလိတ်-ထိုင်း

#ဖြတ်၃ဖြတ်

#နှစ်နိုင်ငံအစိုးရ

#ဆွေးနွေးညှိနှိုင်း

#နယ်စပ်ဒေသ

#GTOG

#လျှပ်စစ်

#လောင်စာဆီ

#ငွေကြေးဝန်ဆောင်မှုလုပ်ငန်း

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin