Language:

အိန္ဒိယနိုင်ငံ ဒေလီမြို့ကနေ ဥသာပရာဒက်ချ်ပြည်နယ် မာဟိုဘာမြို့သို့ မောင်းနှင်လာတဲ့ ဘတ်စ်ကားမီးလောင်ပြီး ခရီးသည် (၉) ဦး သေဆုံးခဲ့


အိန္ဒိယနိုင်ငံ ဒေလီမြို့ကနေ ဥသာပရာဒက်ချ်ပြည်နယ် မာဟိုဘာမြို့သို့ မောင်းနှင်လာတဲ့ ဘတ်စ်ကားမီးလောင်ပြီး ခရီးသည် (၉) ဦး သေဆုံးခဲ့

၂၄ စက်တင်ဘာ ၂၀၂၆ (Eastern Thanlwin)

ဗကြီး

အိန္ဒိယနိုင်ငံ ဒေလီမြို့ကနေ ဥသာပရာဒက်ချ် ပြည်နယ် မာဟိုဘာမြို့သို့ စက်တင်ဘာ (၂၃) ရက်ညပိုင်းက မောင်းနှင်လာတဲ့ ဘတ်စ်ကားတစ်စီး မဟာနွိုင်ဒါဒေသ ယမုံနာအဝေးပြေးလမ်းမပေါ်မှာ မီးလောင်မှုကြောင့် ခရီးသည် (၉)ဦး သေဆုံးခဲ့ရတယ်လို့ အိန္ဒိယ သတင်းမီဒီယာတွေ ဖော်ပြချက်အရသိရပါတယ်။

မီးခိုးနံ့ရတာကြောင့် ကားရပ်ဖို့နဲ့ ကားမရပ်ရင် မိမိတို့အားလုံး သေကြရလိမ့်မယ်လို့ ခရီးသည်တွေက အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် ယာဉ်မောင်းနဲ့ ယာဉ်အကူတို့က နားမထောင်ဘဲ ဆက်မောင်းချိန်မှာ ဘတ်စ်ကားမီးလောင်ခဲ့တာလို့ သိရပါတယ်။

ခရီးသည်တွေက ကားရပ်ဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် ယာဉ်မောင်းနဲ့ ယာဉ်အကူတို့က “မင်းတို့ သေချင်ရင်သေကြ ကားကိုတော့ မရပ်ပေးနိုင်ဘူး” လို့ ပြောကြားခဲ့ကြောင်း အသက်ရှင် လွတ်မြောက်လာတဲ့ ခရီးသည်တွေက ပြောထားပါတယ်။

အဆိုပါ ဘတ်စ်ကားပေါ်မှာ ခရီးသည် ၃၀ ကနေ ၃၅ ဦးအထိ လိုက်ပါလာတာ ဖြစ်ပြီး အသက်ရှင် လွတ်မြောက် လာတဲ့ ခရီးသည် တစ်ဦးက ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားပါတယ်။

ယမုံနာ အဝေးပြေးလမ်းမှာ တစ်နာရီ ၃၃ ကီလိုမီတာ နှုန်းနဲ့ မောင်းနှင်နေချိန် ည ၁၁ နာရီခွဲလောက်မှာ ခရီးသည်တွေက မီးခိုးနံ့ ရခဲ့တာ ဖြစ်တယ်လို့ ဟာမာပါ ဒေသခံ ခရီးသည် တစ်ဦးက ပြောကြားပါတယ်။

အဆိုပါ မီးခိုးနံ့ဟာ ယာဉ်မောင်း အခန်းထဲက ထွက်ပေါ်နေတာ ဖြစ်ကြောင်း ခရီးသည်တွေ သတိပြုမိခဲ့ပေမယ့် ယာဉ်မောင်းက ဒါဟာ ထွက်နေကျ အနံ့ဖြစ်တယ်လို့ ပြောပြီး ယာဉ်ကို စစ်ဆေးဖို့ မရပ်ဘဲ ဆက်လက် မောင်းနှင်ခဲ့တယ်လို့ ရဲစခန်းသို့ တိုင်ကြားချက်မှာ ဖော်ပြထားပါတယ်။

ယာဉ်မောင်းနဲ့ ယာဉ်အကူတို့ ဘီဒီ ဆေးလိပ်တွေ သောက်ပြီး ကားဆက်လက် မောင်းနှင်ချိန်မှာ ရုတ်တရက် မီးလောင်ခဲ့တာ ဖြစ်ပြီး ဘတ်စ်ကား ရပ်လိုက်ချိန်မှာ မီးတောက်တွေနဲ့ မီးခိုးတွေဟာ ခရီးသည်တွေရဲ့ အခန်းအထိ ပျံ့နှံ့နေပြီ ဖြစ်တယ်လို့ အသက်ရှင် လွတ်မြောက်ခဲ့တဲ့ ခရီးသည်တွေက ပြောကြားပါတယ်။

ခရီးသည် အများစု ဘတ်စ်ကားထဲက ခုန်ထွက် လွတ်မြောက်ခဲ့ပေမယ့် အချို့ အထဲမှာ ပိတ်မိပြီး ကျန်နေရစ်ခဲ့တယ်လို့ အသက်ရှင်လွတ်မြောက်သူတွေက ပြောပါတယ်။

ရာ့ချ် ကယ်ပါနာ ခရီးသွား ဝန်ဆောင်မှု ကုမ္ပဏီက ပြေးဆွဲတဲ့ ဘတ်စ်ကား မီးလောင်ခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေကို ဂျီဝါ ပြည်နယ် ကိုင်လက်ချ် ဆေးရုံသို့ တင်ပို့ထားပြီး အဆိုပါ ဘတ်စ်ကား မီးလောင်မှုအတွင်း ခရီးသည်တွေရဲ့ ခရီးဆောင် သေတ္တာတွေနဲ့ ပစ္စည်းတွေ မီးလောင်ပျက်စီးသွားခဲ့ပါတယ်။

ယာဉ်မောင်းနဲ့ ယာဉ်အကူကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

#ဒေလီမြို့

#ဥသာပရာဒက်ချ်ပြည်နယ်

#မာဟိုဘာမြို့

#မောင်းနှင်လာ

#ဘတ်စ်ကားမီးလောင်

#ခရီးသည်(၉)ဦး

#သေဆုံး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin