Language:

ထိုင်းဘုရင်ရဲ့ တတိယ သားတော်က ဦးနှောက်ခွဲစိတ်ဖို့ ထိုင်းနိုင်ငံကို ပြန်လာချင်တယ်လို့ဆို


ထိုင်းဘုရင်ရဲ့ တတိယ သားတော်က ဦးနှောက်ခွဲစိတ်ဖို့ ထိုင်းနိုင်ငံကို ပြန်လာချင်တယ်လို့ဆို

၂၃ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)

ဗကြီး

ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်းရဲ့ တတိယသားတော် ဒေါက်တာချက်ရစ်ဝပ်က သူ့ရဲ့ ဦးနှောက် အကျိတ်နှစ်ခုကို ခွဲစိတ်စရာငွေကြေးမရှိ ဖြစ်နေပြီး ခွဲစိတ်ဖို့ ထိုင်းနိုင်ငံကို ပြန်လာချင်နေတယ်လို့ ဖွင့်ဟပြောဆိုလာပါတယ်။

စုထားဆောင်းထားတဲ့ ငွေတွေလည်း ကုန်တော့မှာဖြစ်ပြီး ဦးနှောက်ထဲက ကြီးမားတဲ့ အကျိတ်နှစ်ခုကြောင့် အသက်အန္တရာယ်ရှိနေတယ်လို့ ဒေါက်တာချက်ရစ်ဝပ်က အွန်လိုင်းပေါ်တင်ထားတဲ့ ဗီဒီယိုမှာ ပြောထားပါတယ်။

မလေးရှား သို့မဟုတ် အမေရိကန်မှာ ခွဲစိတ်ကုသဖို့လည်း မတတ်နိုင်ဘဲ မကြာခင်မခွဲစိတ်ရင် သူ့အနေနဲ့လက်ကျန် ဘဝကိုကုတင်ပေါ်မှာ နေရင်နေမဟုတ်ရင် အသက်ဆုံးရှုံးရတော့မှာပါလို့ သူက ပြောကြားပါတယ်။

အသက် ၄၃ နှစ်အရွယ် ဒေါက်တာချက်ရစ်ဝပ်က သူ့ရဲ့ ထိုင်းမှတ်ပုံတင်အသစ်ကို ပြသပြီး မိခင်နိုင်ငံ ပြန်လာဖို့ပြောထားပေမယ့် ခွဲစိတ်ကုသဖို့ တစ်ခုမှမစီစဉ်ရသေးဘဲ ဘုရင် ဗာဂျီရာလောင်ကွန်းရဲ့ တစ်ကွဲတစ်ပြားစီ ဖြစ်နေတဲ့ တတိယသားတော်က မလေးရှားမှာ သူ့ရဲ့ ကျန်းမာရေးအခြေအနေ ယိုယွင်းလာနေတယ်လို့ ပြောပါတယ်။

သူ့ရဲ့ ညီတော်အစ်ကိုတော်တွေက သူ့ကို ကူညီမယ်လို့ပြောထားပြီး သူ့ရဲ့ မယ်တော်က စိုးရိမ်နေတယ်လို့ ပြောထားပေမယ့် သူရှိနေတဲ့ နေရာကို အတိအကျမသိဖြစ်နေကာ သူ့အနေနဲ့ မိမိတို့ ဆက်သွယ်မှုကို တုန့်ပြန်မယ်ဆိုရင် ဆက်သွယ်ပြီး အကူအညီ ပေးမယ်လို့ ညီအစ်ကိုတော် တွေက ပြောထားပါတယ်။

လက်ရှိ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ် ကြောက်ရွံ့မိကြောင်း ဒေါက်တာ ချက်ရစ်ဝပ်က စက်တင်ဘာ ၂၂ရက်က ပြောကြားပြီး နောက်ဆုံး အခြေအနေကို အွန်လိုင်းက ဖော်ပြခဲ့တာဖြစ်ကာ ဒါပေမဲ့ နန်းတော်က ကူညီမယ်လို့ လူသိရှင်ကြား ပြောဆိုထားတာ မတွေ့ရပါဘူး။

သူ့အနေနဲ့ မတ်တပ် မရပ်နိုင်တဲ့ အချိန်တွေ ရှိခဲ့ပြီး ဆီးနဲ့ ဝမ်း မထိန်းနိုင်တော့တဲ့ အခြေအနေနဲ့လည်း ကြုံနေရတယ်လို့ ဒေါက်တာ ချက်ရစ်ဝပ်က အင်္ဂလိပ် ၊ထိုင်း နှစ်ဘာသာနဲ့ အွန်လိုင်းမှာ ရေးသားထားပါတယ်။

သူဟာ အသက် ၁၃နှစ် အရွယ်ကတည်းက neurofibromatosisလို့ခေါ်တဲ့ အာရုံကြော ကစဉ့်ကလျား ဖြစ်တဲ့ ရောဂါနဲ့ နေလာခဲ့ရကာ ဒီရောဂါကြောင့် အာရုံကြောများ တလျောက်၊ဦးနှောက်ထဲမှာ သို့မဟုတ် ကျောရိုးမကြီးမှာ အကျိတ်တွေ ဖြစ်ပေါ် လေ့ရှိရာအဆိုပါ အကျိတ်တွေဟာ ကင်ဆာ မဖြစ်နိုင်ဘူးလို့ သိရပါတယ်။

သူဟာ အရင်ကလည်း ခွဲစိတ်ကုသမှု ၁၀ကြိမ် ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ မီယာမီ တက္ကသိုလ်က ဆေးပညာဘွဲ့ရရှိခဲ့တဲ့ ထိုင်း-အမေရိကန် ဆရာဝန် ချက်ရစ်ဝပ်ဟာ သူ့မိခင်၊ ညီအစ်ကိုတော်တွေနဲ့ အတူ ၁၉၉၆က ပျောက်သွားခဲ့ပြီး ထိုင်းက ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။

သူတို့ရဲ့ နန်းတော်ဆိုင်ရာ ဘွဲ့ထူး အဆောင်အယောင်တွေကို နောက်ပိုင်းမှာ ထိုင်းနန်းတော်က ရုတ်သိမ်းခဲ့ကာ လက်ရှိ ဘုရင် ဗာဂျီရာလောင်ကွန်းနဲ့ သူ့မိခင်ကြားမှာ ဆက်ဆံရေး မပြေလည်မှုတွေ ရှိပြီး သူ့အဖေဟာ သူ့အမေကို လုံးဝ ချစ်ခင် နှစ်သက်မှု မရှိဘူးလို့ သူက စွပ်စွဲဖူးပါတယ်။

#ဦးနှောက်ခွဲစိတ်

#ထိုင်းနိုင်ငံ

#ဗာဂျီရာလောင်ကွန်း

#ထိုင်းဘုရင်

#တတိယသားတော်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin