၂၃ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)
ဗကြီး
ထိုင်းပင်လယ်ကွေ့မှာ အက်စ်ကန်ချာနာဝါရီ ၈၈၈ လို့ အမည်ရတဲ့ ငါးဖမ်းစက်လှေတစ်စီး နစ်မြုပ်သွားပြီးနောက် ပျောက်ဆုံးနေဆဲတဲ့ မြန်မာနိုင်ငံသား (၅) ဦးအား ထိုင်းတော်ဝင်ရေတပ် ပထမဒေသ ရေပြင်လုံခြုံရေးတပ်ဖွဲ့က အထူးရှာဖွေကယ်ဆယ်ရေးအဖွဲ့နဲ့ ရေငုပ်သမားတွေနဲ့ ရှာဖွေနေတယ်လို့ ထိုင်းသတင်းဖော်ပြချက်တွေအရ သိရပါတယ်။
အဆိုပါ ထိုင်းငါးဖမ်းလှေဟာ စက်တင်ဘာ (၂၁) ရက် ညနေပိုင်းက နစ်မြုပ်ခဲ့တာလို့သိရပြီး ပျောက်ဆုံးနေတဲ့ အလုပ်သမားအချို့ နစ်မြုပ်သွားတဲ့ လှေထဲမှာ ပိတ်မိနေနိုင်တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက် ထိုင်းရေတပ်က ရှာဖွေကယ်ဆယ်ရေးအဖွဲ့အား စက်တင်ဘာ (၂၂)ရက် နံနက် (၅) နာရီကတည်းက စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။
ကယ်ဆယ်ဖို့ ကြိုးပမ်းမှုအတွင်း ထိုင်းငါးဖမ်းလှေတွေလည်း ပါဝင်ကူညီနေကာ အဆိုပါလှေနစ်မြုပ်မှုအတွင်း လူ (၃) ဦး သေဆုံးခဲ့ရတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြထားပြီး လေပြင်းများ တိုက်ခတ်ကာ လှိုင်းထန်နေတာကြောင့် ထိုင်းနိုင်ငံသားတစ်ဦးရဲ့ အလောင်းကိုပဲ ဆယ်ယူထားနိုင်တယ်လို့ သိရပါတယ်။
ငါးဖမ်းစက်လှေပေါ်မှာ ထိုင်းနိုင်ငံသား (၂) ဦးနဲ့ မြန်မာနိုင်ငံသား ၂၀ ဦး လိုက်ပါသွားခဲ့ပြီး အများစုကို ကယ်တင်နိုင်ခဲ့ပေမယ့် မြန်မာနိုင်ငံသား (၅) ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ချောင်ဘူရီဒေသရှိ ဆတ်တာဟစ် ရေတပ်အခြေစိုက်စခန်းက ကယ်ဆယ်ရေး အဖွဲ့တွေ “တော် ၁၂၂” ကင်းလှည့်ယာဉ်နဲ့ထွက်ခွာခဲ့ပြီး ရဟတ်ယာဉ်နဲ့လည်း ရှာဖွေနေတယ်လို့ဆိုကာ ရာသီဥတု၊ ရေစီးကြောင်း အခြေအနေနဲ့ ရေအောက်မှာမြင်နိုင်စွမ်း အခြေအနေတို့ကို လေ့လာပြီးမှ နစ်မြုပ်သွားတဲ့လှေကို ရှာဖွေဖို့ စီစဉ်ထားတယ်လို့ ထိုင်းရေတပ်က ပြောကြားထားပါတယ်။
ပျောက်ဆုံးနေတဲ့ မြန်မာနိုင်ငံသားတွေကတော့ ကိုစိုးလတ် ၃၈ နှစ်၊ ကိုထွန်းလွင် ၂၂ နှစ်၊ ကိုစန်းထိုက် ၄၇နှစ်၊ ကိုနိုင်ဦး ၄၅ နှစ်နဲ့ ကိုခင်မောင်အေး ၄၇နှစ်တို့ ဖြစ်ပါတယ်။
ပျောက်ဆုံးနေတဲ့ မြန်မာနိုင်ငံသားတွေက အဆိုပါ နစ်မြုပ်သွားတဲ့ ငါးဖမ်းလှေထဲမှာ ရှိနေသလား သို့မဟုတ် ရေစီးနဲ့ မျောပါ သွားပြီလားဆိုတာကို အရာရှိတွေ အတည်မပြု သေးပါဘူး။
ရေငုပ်သမားတွေ ရှာဖွေမှု လုပ်ငန်းစဉ်ရဲ့ ရလဒ်ကို စောင့်ဆိုင်းနေဆဲ ဖြစ်ပြီး ရှာဖွေ စစ်ဆေးရေး လုပ်ငန်းစဉ်ပြီးရင်တော့ အဆိုပါ ငါးဖမ်းလှေကို ပြန်လည် ဆယ်ယူပြီး ကမ်းသို့ ဆွဲယူလာဖို့ စီစဉ်ထားပါတယ်။
အဲဒီနောက် နစ်မြုပ်ရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့ လှေရဲ့ အစိတ်အပိုင်းတွေကို စစ်ဆေးပြီး နောက်ထပ် အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

