၂၃ စက်တင်ဘာ ၂၀၂၆ (Eastern Thanlwin)
ဇင်ကြီး
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်မယ်ဆိုင်မြို့အကြားရှိ နယ်စပ်ကုန်သွယ်ရေး၊ ၃ ဖြတ် အစီအမံ၊ ထိုင်းနိုင်ငံသားများ ဖမ်းဆီးခံရမှု၊ နယ်နိမိတ်အငြင်းပွားမှုနှင့် အွန်လိုင်းရာဇဝတ်မှုများကို နှစ်ဖက်တာဝန်ရှိသူများ တာချီလိတ်မြို့၌ ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ ထိုင်းသတင်းဖော်ပြချက်အရ သိရပါတယ်။
ဆွေးနွေးပွဲကို တာချီလိတ်မြို့ အထွေထွေအုပ်ချုပ်ရေးရုံး၌ စက်တင်ဘာ ၂၃ ရက်မှပြုလုပ်ခဲ့ပြီး တာချီလိတ်မြို့ရှိ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအပြင် ချင်းရိုင်ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ထိုင်းကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲမှာတော့ စက်တင်ဘာ ၁၇ ရက်က တာချီလိတ်အမှတ်(၁)ချစ်ကြည်ရေးတံတား တာချီလိတ်ဘက်ခြမ်း အကောက်ခွန်ဂိတ်မှာ ဟင်းသီးဟင်းရွက်၊ ဝက်သားနဲ့ အစားအသောက်သယ်ယူသူများ ဖမ်းဆီးခံရပြီး နယ်စပ်ကုန်သွယ်ရေး ထိခိုက်ခဲ့သည့်ကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာဘက်က အကောက်ခွန်စည်းမျဉ်းတွေနဲ့ တရားမဝင်ကုန်သွယ်မှု တားဆီးရေးဆောင်ရွက်မှုများကြောင့် ဖြစ်ပေါ်ခဲ့ရတာကို ရှင်းပြခဲ့ပြီး လက်ရှိ ထိုပြဿနာပြေလည်ကာ နယ်စပ်ကုန်သွယ်ရေး ပုံမှန်ပြန်လည်ပတ်မှု များရှိနေပြီလို့ မြန်မာဘက် တာဝန်ရှိသူတွေက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ထိုင်းနိုင်ငံ “၃ ဖြတ်” အစီအမံကြောင့် တာချီလိတ်ဒေသခံများ ထိခိုက်နေသဖြင့် ထိုင်းဘက်က အစီအမံကို ပြန်လည်သုံးသပ်ပေးရန် မြန်မာဘက်က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
တာချီလိတ်မှာ မတ်လအတွင်း ဖမ်းဆီးခံရတဲ့ ထိုင်းနိုင်ငံသား ၃ ဦးနဲ့ ဇူလိုင်လအတွင်း ထိုင်းထီလက်မှတ် ရောင်းချမှုဖြင့် ဖမ်းဆီးခံရသူများရဲ့ အမှုအခြေအနေကိုလည်း ထိုင်းဘက်က မေးမြန်းခဲ့ပြီး မြန်မာဘက်က လောင်းကစားနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ ဥပဒေများဖြင့် အရေးယူထားကာ လုပ်ငန်းစဉ်ပြီးဆုံးပါက ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမည်လို့လည်း ပြောဆိုခဲ့ပါတယ်။
ထိုနောက် မဲဆိုင်ခရိုင် ကူးတိန်းနာယောင်းဘုန်းကြီးကျောင်းအနီး နယ်နိမိတ်အငြင်းပွားနေသည့်နေရာတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ထားပြီး နှစ်ဖက်သက်ဆိုင်ရာကော်မတီများမှတစ်ဆင့် ဆက်လက် ဆွေးနွေးသွားမည့် ကိစ္စနှင့် အွန်လိုင်းလိမ်လည်မှုများအပါအဝင် နည်းပညာအသုံးပြုရာဇဝတ်မှုများကို အတူပူးပေါင်းနှိမ်နင်းရေးကိစ္စများလုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြပါတယ်။
ထိုင်းဘက်က ဖမ်းဆီးအရေးယူခံရတဲ့ ထိုင်းနိုင်ငံသားများကို သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများအရ ပြန်လည်လွှဲပြောင်းပေးရန်နှင့် သတင်းအချက်အလက်၊ သက်သေအထောက်အထားများ ဖလှယ်ရန် ထိုင်းအာဏာပိုင်များတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ယင်းနောက် နှစ်ဖက်တာဝန်ရှိသူများက နယ်စပ်ရေးရာကိစ္စများကို သက်ဆိုင်ရာကော်မတီများမှတစ်ဆင့် ဆက်လက်ညှိနှိုင်းဖြေရှင်းသွားရန်နှင့် ပြည်သူများ နယ်စပ်ကုန်သွယ်ရေးအပေါ် သက်ရောက်မှုများ လျော့နည်းစေရန် ပူးပေါင်းဆောင်ရွက်သွားရန် နှစ်ဖက် အာဏာပိုင်များ သဘောတူညီခဲ့ကြပါတယ်။

