၂၃ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
ရန်ကုန်ကနေ မော်လမြိုင်ဘက်ကို ပြေးဆွဲနေတဲ့ DEMU ရထားကို ခဲနဲ့ ပစ်ပေါက်ခဲ့သူ အမျိုးသားတစ်ဦးအား ဖြစ်စဉ်ဖြစ်ပွားရာ နေရာအနီးမှာ ရှာဖွေဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာ့မီးရထားလုပ်ငန်းက ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက အမှတ်(၈၃) အဆန် ရန်ကုန်-မော်လမြိုင် DEMU ရထားဟာ ပေါင်နဲ့သဲဖြူကုန်းဘူတာအကြား ဖြတ်သန်းနေချိန် ခဲနဲ့ ပစ်ပေါက်ခံခဲ့ရတာကြောင့် အထက်တန်းတွဲ(၂)ရဲ့ ပြတင်းတံခါးဘေး လေကာမှန်ပျက်စီးခဲ့သလို ပထမတန်းတွဲ(၄)ရဲ့ ပြတင်းတံခါးမှန်လည်း ပေါက်ထွက်၊ ကြေမွပြီး အက်ကွဲသွားခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ် နောက်ပိုင်းမှာ ရထားကို နောက်ပြန်ဆုတ်ပြီး ခဲနဲ့ ပစ်ပေါက်ခဲ့တဲ့နေရာကို ပြန်လည်ရှာဖွေခဲ့ရာ ပေါင်မြို့နယ် ဘန့်ဘွေးကုန်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
အဆိုပါ အမျိုးသားကို ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၈၄ နဲ့ အမှုဖွင့်အရေးယူသွားမယ်လို့ မြန်မာ့မီးရထားလုပ်ငန်းက ပြောဆိုထားပါတယ်။
ဒီလို ရထားကို ခဲနဲ့ပစ်ပေါက်တဲ့ ဖြစ်စဉ်ဟာ တစ်ရက်တည်းမဟုတ်ဘဲ စက်တင်ဘာ ၂၁ ရက်ကလည်း အမှတ်(၇၄) အစုန် ပြည်-ရန်ကုန် DEMU ရထားကို ဖလုံနဲ့ သနပ်ချောင်းဘူတာအကြား ခဲနဲ့ပစ်ပေါက်ခဲ့သူ အမျိုးသား တစ်ဦးကို ဖမ်းဆီးရမိထားပြီး ပုဒ်မ ၈၄ နဲ့ အရေးယူသွားမယ်လို့ သိရပါတယ်။
ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ ပုဒ်မ ၈၄ အရ အဆိုပါ ပြစ်မှုအတွက် ထောင်ဒဏ် အနည်းဆုံး ၅ နှစ်ကနေ အများဆုံး ၂၀ နှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

