၂၃ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)
NPW
အခြေခံပညာကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ စာသင်ကြား၊ သင်ယူမှု အနှောင့်အယှက်မဖြစ်စေဖိုနဲ့ စာသင်ယူမှု အရည်အသွေးမြှင့်တင်နိုင်ဖို့ ဖုန်းအသုံးပြုတာတွေကို တားမြစ်ထားတယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပြောကြားလိုက်ပါတယ်။
ကျောင်းစည်းကမ်းတွေ စနစ်တကျလိုက်နာအောင် ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းချိန်အတွင်း ဖုန်းယူဆောင်လာတာနဲ့ အသုံးပြုတာကို တင်းတင်းကြပ်ကြပ် တားမြစ်ထားတဲ့ စည်းကမ်းချက်တွေ ထုတ်ပြန်ထားပြီး အစီအစဉ်တွေ ချမှတ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၂ ရက်က ပြုလုပ်တဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၄)က ဦးဇော်ဝင်းသန့်ရဲ့ ကျောင်းသားလူငယ်တွေ ကျောင်းချိန်အတွင်း မိုဘိုင်းဖုန်းသုံးတာကို အမိန့်နဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ပြီး တားမြစ်ထားတာ ရှိ မရှိ၊ မေးခွန်းနဲ့ ပတ်သက်ပြီး အခုလို ပြန်လည်ဖြေဆိုတာဖြစ်ပါတယ်။
ထုတ်ပြန်ထားချက်ကို မလိုက်နာရင် မည်သို့အရေးယူဆောင်ရွက်မည်ကို တိကျတဲ့ ညွှန်ကြားချက်တွေ ချမှတ်ပေးထားတာ ရှိ ၊မရှိနဲ့ ကျောင်းသားကလေးသူငယ်တွေ အွန်လိုင်းကတစ်ဆင့် ခြိမ်းခြောက်အန္တရာယ်ပြုခံရတာ၊ အမြတ်ထုတ်ခံရတာတွေကို ကလေးသူငယ်ဆိုင်ရာ အွန်လိုင်းဥပဒေရေးဆွဲပြီး ကာကွယ်ပေးနိုင်ဖို့ ဆောင်ရွက်ထားတာ ရှိ၊မရှိ မေးခွန်းနဲ့ပတ်သက်ပြီး အခုလို ပြန်လည်ဖြေဆိုတာဖြစ်ပါတယ်။
“အခြေခံပညာ ကျောင်းသားတစ်ဦးအနေနဲ့ သတ်မှတ်ထုတ်ပြန်ထားတဲ့ ကျောင်းစည်းမျဉ်းတွေကို ဖောက်ဖျက်ကျုးလွန်လို့ရှိ ရင် ပထမအကြိမ် သတိပေးတာ၊ ဖုန်းကို ကျောင်းအုပ်ကြီး သို့မဟုတ် သက်ဆိုင်ရာ အတန်းပိုင်ဆရာက သိမ်းဆည်းပြီး ကျောင်းဆင်းချိန်မှာ ပြန်ပေးပြီး နောက်နောင် ကျုးလွန်တာ မလုပ်ဖို့ သတိပေးဆုံးမတာ၊ ဒုတိယအကြိမ်သတိပေးတာ၊ ဖုန်းကို သိမ်းဆည်းပြီး မိဘအုပ်ထိန်းသူကို ကျောင်းကို ကိုယ်တိုင်လာရောက်စေပြီး ဝန်ခံကတိပြုလက်မှတ်ထိုးခိုင်းပြီးမှ ဖုန်းကို မိဘ အုပ်ထိန်းသူ လက်ထဲ ပြန်လည်အပ်နှံပေးတာ၊ နောက်ဆုံးအကြိမ်အနေနဲ့ ဆက်လက်ဖောက်ဖျက်ရင် မိဘဆရာအသင်းနဲ့ညှိ နှိုင်းပြီး ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း ကျောင်းသားကို ကျောင်းခေတ္တရပ်နားတာ၊ ဖုန်းကို တစ်နှစ်ပတ်လုံးသိမ်းဆည်းထားတာ အဆင့်ဆင့်ကြပ်မတ်ပြီး ဆောင်ရွက်နေပါတယ် ” လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။
နည်းပညာခေတ်မှာ မိုလ်ဘိုင်းဖုန်းအပါအဝင် ဒီဂျစ်တယ်ဒီဘိုက်တွေ အသုံးပြုတာဟာ အထွေထွေဗဟုသုတတွေ၊ ကျောင်း စာသင်ကျမ်းနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ၊ ဘာသာစကားတတ်မြောက်မှုဆိုင်ရာ သင်ကြားမှုအပြင် အခြားနည်းပညာ အကြောင်းအရာမျိုးစုံကို လေ့လာဆည်းပူးနိုင်တာကိုလည်း ထည့်စဉ်းစားရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
“ ၂၁ ရာစုကျွမ်းကျင်မှုတွေကို လေ့လာသင်ယူနေတဲ့ မျိုးဆက်သစ်တွေအနေနဲ့ နည်းပညာလေ့လာလိုက်စားပြီး ကျွမ်းကျင်မှုရှိ ဖို့လိုတာကိုလည်း မိုလ်ဘိုင်းဖုန်း ကန့်သတ်တာအပေါ်မှာ စဉ်းစားစရာရှိပါတယ်။ မိုလ်ဘိုင်းဖုန်းကန့်သတ်တာရဲ့ ရည်ရွယ်ချက်ဟာ ကလေးသူငယ်တွေ ဖုန်းအလွန်အကျွံသုံးစွဲတာ ဥပမာ ဂိမ်းကစားတာ၊ ကျောင်းသားလူငယ်တွေနဲ့ မသင့်လျော်တဲ့ ဆို ရှယ်မီဒီယာတွေ အသုံးပြုတာ စတာတွေကို ကာကွယ်ဖို့အတွက် အတုမြင် အတတ်သင်၊ မကောင်းတဲ့ အကျင့်စရိုက်တွေ ကူး ဆက်နိုင်တဲ့ အတုယူမှားတာ၊ ကျောင်းသားအချင်းချင်း နိုင်ထက်စီးနင်းပြုလုပ်တာ၊ စိတ်ဓါတ်ပျက်ပြားတာ စတဲ့ ဆိုးကျိုးတွေ ကိုတားမြစ်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ် ” လို့ ဦးနေမျိုးလှိုင်က ပြောပါတယ်။
နိုင်ငံတချို့မှာ စာသင်ချိန်အတွင်း ဖုန်းအသုံးပြုခွင့်ကို ကန့်သတ်ထားပေမယ့် သင်ကြားရေးဆိုင်ရာလိုအပ်ချက်ရှိတဲ့အခါမှာ အ သုံးပြုခွင့်ပေးတဲ့ စနစ်ကိုလည်း ကျင့်သုံးတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့တည်ဆဲဥပဒေတွေမှာ ကျောင်းသားကလေးသူ ငယ်တွေ မိုလ်ဘိုင်းဖုန်းသုံးစွဲမှုကို တားမြစ်ကန့်သတ်တဲ့ ဥပဒေပြဌာန်းချက် မရှိသေးပေမယ့် ကျောင်းသားကလေးသူငယ်တွေကို အွန်လိုင်းပလက်ဖောင်းကတဆင့် ခြိမ်းခြောက်အန္တရာယ်ပြုတာ၊ အမြတ်ထုတ်တာတွေကိုတော့ အရေးယူနိုင်တဲ့ ဥပဒေ တွေ ပြဌာန်းထားတယ်လို့ သိရပါတယ်။
“ဒါကြောင့် ကျောင်းသားလူငယ်တွေ ကျောင်းချိန်အတွင်း မိုလ်ဘိုင်းဖုန်းအသုံးပြုတာကို ထိထိရောက်ရောက် တားဆီးနိုင် တယ်ဆိုပေမယ့် ကျောင်းချိန်ပြင်ပအချိန်တွေမှာ အကျိုးရှိစွာ အသုံးပြုနိုင်ဖို့နဲ့ ဖြစ်လာနိုင်တဲ့ Bulling အခြေအနေတွေကို ကာ ကွယ်နိုင်ဖို့အတွက် ဆရာ၊ မိဘ၊ ကျောင်းသား ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ပိုမိုအကျိုးရှိတဲ့ ရလဒ်ရနိုင်မှာ ဖြစ်ပါ တယ် ” လို့ ဒုတိယဝန်ကြီးက ဆိုပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၊ ပုဒ်မခွဲ(က)မှာ နိုင်ငံတော်ဟာ ကလေးသူငယ်တွေကို ကြည့်ရှုစောင့်ရှောက်ဖို့ နိုင်ငံတော်အခြေခံမူအဖြစ် ပြဌာန်းထားပြီး ကလေးသူငယ်တိုင်းဟာ ကာကွယ်စောင့်ရှောက်မှုရဖို့ အခွင့်အရေးရှိကြောင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၈ မှာ အသိအမှတ်ပြုထားသလို ကလေးသူငယ်တိုင်းရဲ့ ဂုဏ်သိက္ခာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်နဲ့ လုံခြုံမှုကို အကြောင်းမဲ့ထိပါးတာ မခံရစေဖို့ ဥပဒေနဲ့အညီ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်ရှိတာကို ပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဍ)မှာ ပြဌာန်းထားတယ်လို့ ပြောပါတယ်။
#ကျောင်းသား/သူတွေ

