၂၈ ဇူလိုင်လ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ BTS Skytrain ပေါ်တွင် ဖြစ်ပွားခဲ့သည့် ဆူညံအော်ဟစ်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အီတလီနိုင်ငံရှိ Liceo Scientifico Statale “Albert Einstein” အထက်တန်းကျောင်းက ယင်းဖြစ်ရပ်တွင် ပါဝင်ခဲ့သူများသည် ၎င်းတို့ကျောင်းမှ ကျောင်းသားများမဟုတ်ကြောင်း ငြင်းဆိုလိုက်ပြီး သတင်းမှားများ ဆက်လက်ဖြန့်ဝေသူများကို ဥပဒေအရ အရေးယူသွားနိုင်ကြောင်းကိုလည်း သတိပေးလိုက်တာဖြစ်ပါတယ်။
အဆိုပါဖြစ်ရပ်မှာ ထိုင်းနိုင်ငံသို့ ပညာရေးခရီးစဉ်ဖြင့် လာရောက်ခဲ့သည့် အီတလီလူငယ်အုပ်စုတစ်စုက BTS ရထားပေါ်တွင် ဆူညံအော်ဟစ်ကာ ခရီးသည်များကို အနှောင့်အယှက် ဖြစ်စေခဲ့သည်ဟု စွပ်စွဲခံရပြီးနောက် လူမှုကွန်ရက်များတွင် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်။
ထို့နောက် အဆိုပါကျောင်းသားများနှင့် ထိုင်းနိုင်ငံဆိုင်ရာ အီတလီသံရုံးတို့က တောင်းပန်စာထုတ်ပြန်ခဲ့ပြီးနောက် အခြေအနေ ပြန်လည်ပြေလည်ခဲ့တာ ဖြစ်ပါတယ်။
သို့သော် Cerignola မြို့ရှိ Liceo Scientifico Statale “Albert Einstein” ကျောင်းက Facebook တွင် ထုတ်ပြန်သည့် ကြေညာချက်အရ ဗီဒီယိုများတွင် မြင်တွေ့ရသူများနှင့် ဖြစ်ရပ်တွင် ပါဝင်ခဲ့သူများအနက် မည်သူတစ်ဦးတစ်ယောက်မျှ ၎င်းတို့ကျောင်းတွင် ပညာသင်ကြားနေသူ သို့မဟုတ် ကျောင်းနှင့် ဆက်နွယ်သူမဟုတ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။
ထို့ပြင် အဆိုပါဖြစ်ရပ်သည် ကျောင်းက စီစဉ်ခြင်း၊ အတည်ပြုခြင်း သို့မဟုတ် ထောက်ခံပေးထားသည့် ပညာရေးခရီးစဉ်၊ လေ့လာရေးအစီအစဉ် သို့မဟုတ် စီမံကိန်းတစ်ခုနှင့်လည်း လုံးဝ မသက်ဆိုင်ကြောင်း ကျောင်းဘက်က အလေးပေးပြောဆိုခဲ့ပါတယ်။
ကျောင်းအနေဖြင့် မတူကွဲပြားသော ယဉ်ကျေးမှုများကို လေးစားမှု၊ နိုင်ငံသားတာဝန်သိစိတ်နှင့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံသားစိတ်ဓာတ်တို့ကို အဓိက တန်ဖိုးထားသင်ကြားပေးနေကြောင်း လည်း ဖော်ပြခဲ့ပါတယ်။
ကျောင်း၏အမည်ကို အခြေခံအထောက်အထားမရှိဘဲ ယင်းဖြစ်ရပ်နှင့် ချိတ်ဆက်ဖော်ပြခြင်းသည် ကျောင်း၊ ကျောင်းသားများနှင့် မိသားစုများ၏ ဂုဏ်သိက္ခာကို ပြင်းထန်စွာ ထိခိုက် စေခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ထို့ကြောင့် အတည်မပြုရသေးသည့် သတင်းအချက်အလက်များကို ဆက်လက်ဖြန့်ဝေခြင်း မပြုကြရန် သတိပေးခဲ့ပြီး အွန်လိုင်းပေါ်ရှိ အသရေဖျက်ရေးဆိုင်ရာ အကြောင်းအရာများကို စုဆောင်းရန် ဥပဒေအကျိုးဆောင်များကို တာဝန်ပေးထားကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထို့အပြင် သတင်းမှားများကို ဖန်တီးခြင်း သို့မဟုတ် မျှဝေဖြန့်ဝေခြင်းတွင် တာဝန်ရှိသူများကို အရပ်ဘက်နှင့် ရာဇဝတ်မှုဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်သွားရန် အခွင့်အရေးကို ဆက်လက်ထားရှိကြောင်း ကျောင်းဘက်က ပြောခဲ့တယ်လို့ သတင်းဖော်ပြချက်အရ သိရပါတယ်။

