၂၈ ဇူလိုင်လ ၂၀၂၆ (Eastern ThanLwin)
ကိုရဲ
တာချီလိတ်မြို့ ဟုန်လုံဈေးနှင့် ကျွန်းတောလမ်းကြားတွင် ရေမြောင်းများမှ အနံဆိုးထွက်နေတာကြောင့် အနီးနားပတ်ဝန်းကျင်တွင် နေထိုင်သူများနှင့် လမ်းသွားလမ်းလာများက ဆိုးရွာစွာ အနံ့အသက်ခံစားနေရပြီး အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း သိရပါတယ်။
အနံ့ဆိုးများထွက်ရခြင်းက ဟုန်လုံဈေးမှ စွန်ပစ်လိုက်သည့် အညစ်ကြေးများနှင့် လွယ်စတုံဖက်မာရှိတဲ့ ဝက်မွေးမြူရေးခြံမှ ထွက်ရှိသည့် ရေဆိုးများကို ရေမြောင်းထဲသို့ လွှတ်လိုက်ခြင်း ဖြစ်တာကြောင့် ရေမြောင်းများမှ အနံ့ဆိုးများ ထွက်ပေါ်လာရခြင်းဖြစ်တယ်လို့ သိရပါတယ်။
“ဝက်မွေးမြူရေးခြံတွေက ဝက်မွေးမယ်ဆိုရင် သူတို့အညစ်ကြေးတွေကို စနစ်တကျစွန့်ထုတ်ပေးဖို့လိုတာပေါ့။ ဟုန်လုံစျေးဖက်ကလည်း အသားငါးဆေးတဲ့ရေရော ၊ အသီးအပုတ်တွေကို စနစ်တကျ လွှင့်ပစ်ပေးစေချင်ကြောင်း” ဒေသခံတစ်ဦးက အရှေ့သံလွင်မီဒီယာကို ပြောပါတယ်။
ရေစီးရေလာ မကောင်းတဲ့ချိန်မှာ အပေါ်ဖက်ကလွှတ်လိုက်တဲ့ ဝက်မွေးမြူရေးခြံက အညစ်ကြေးတွေနဲ့ ဟုန်လုံဖက်ကလွှတ်လိုက်တဲ့ ရေဆိုးတွေက ရေမြောင်းမှာ လာအောင်းနေပြီး မိုးမရွာတဲ့ချိန်ဆိုရင် ရေကမဆင်းတော့ပဲ အနံ့အသက်ဆိုးများ ထွက်ပေါ်လာရခြင်းဖြစ်တယ်။
မိုးရွာတဲ့ချိန်တွေဆိုရင်တော့ ရေမြောင်းမှာလာအောင်းနေတဲ့ အညစ်ကြေးတွေက ရေစီးနဲ့မျောပါသွားတာကြောင့် အမြဲတမ်းကြီးတော့ နံနေတာမဟုတ်ဘူးလို့ အနီးနားပတ်ဝန်းကျင်တွင် နေထိုင်သူတွေက ပြောပါတယ်။


