ပညာရေးဝန်ထမ်းတွေကို လစာတိုးပေးဖို့ အစီအစဉ်မရှိသေးဘူးလို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြော


ပညာရေးဝန်ထမ်းတွေကို လစာတိုးပေးဖို့ အစီအစဉ်မရှိသေးဘူးလို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြော

၂၈ ဇူလိုင်လ ၂၀၂၆ (Eastern ThanLwin)

ဖိုးစည်

ပညာရေးဝန်ထမ်း ဆရာ/ဆရာမတွေကို ချီးမြှင့်ငွေနဲ့ လစာတိုးမြှင့်ပေးဖို့ အစီအစဉ်မရှိသေးဘူးလို့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ဒီကနေ့ လွှတ်တော်မှာ ပြောကြားသွားပါတယ်။

ယနေ့ ဇူလိုင် (၂၇) ရက် မနက်ပိုင်းက ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဌေးရဲ့ ပညာရေးဝန်ထမ်း ဆရာ/ဆရာမတွေကို ထိုက်သင့်တဲ့ ချီးမြှင့်ငွေ သို့မဟုတ် လစာတိုးမြှင့်ပေးဖို့ အစီအစဉ်ရှိ/မရှိ မေးမြန်းတဲ့ မေးခွန်းကို ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ပြန်လည်ဖြေကြားခဲ့တာပါ။

လက်ရှိမှာ ဆရာ/ဆရာမတွေ အပါအဝင် နိုင်ငံ့ဝန်ထမ်းအားလုံးအတွက် ရာထူးအဆင့်အလိုက် သတ်မှတ်ချိန်နှုန်းလစာအပြင် အပိုထောက်ပံ့ကြေး၊ ဝတ်စုံစရိတ်၊ အိမ်ငှားစရိတ်၊ ရားထူအဆင့်အလိုက် သတ်မှတ်ထားသည့် ဒေသစရိတ်များ ၊ တာဝန်ဖြင့် ခရီးသွာလာခြင်းအတွက် အမှန်တကယ်ကုန်ကျတဲ့ ခရီးစရိတ်၊ နေ့တွက်စရိတ်၊ တည်းခိုစရိတ်နဲ့ သီးခြားသတ်မှတ်ချက်တွေ ခံစားခွင့်ပြုထားတယ်လို့ ၎င်းကဆိုပါတယ်။

“နိုင်ငံတော်အစိုးရမှ လတ်တလောတွင် ပညာရေးဝန်ထမ်း ဆရာ/ဆရာမများအား ထိုက်သင့်သည့်ချီးမြှင့်ငွေ သို့မဟုတ် လစာတိုးမြှင့်ပေးနိုင်ရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်ရှင့်”လို့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတော်အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားတွေကို တိုးမြှင့်ပေးရာမှာ ပညာရေးဝန်ထမ်း ဆရာ/ဆရာမတွေကိုသာ သီးခြားတိုးမြှင့်ပေးတာမဟုတ်ဘဲ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းအားလုံးအတွက် တိုးမြှင့်ပေးတဲ့ မူဝါဒကို ကျင့်သုံးလျက်ရှိတယ်လို့လည်း ၎င်းကပြောကြားပါတယ်။

လက်ရှိမှာ နိုင်ငံတော်အနေဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံနဲ့ အခြေခံပညာကျောင်းတွေမှာ တာဝန်ထမ်းဆောင်တဲ့ ပညာရေးဝန်ထမ်း ကျောင်းအုပ်ကြီးတွေအတွက် ၎င်းတို့၏ ရာထူးအဆင့်အလိုက် ကနဦးလစာ၏ ၁၀ ရာခိုင်နှုန်းနဲ့ လစဉ်အုပ်ချုပ်မှု စရိတ်ကိုလည်းကောင်း၊ ပညာရေးဝန်ထမ်း သင်ကြားရေး ဆရာ၊ဆရာမများအတွက် အမြင့်ဆုံးရရှိတဲ့ ဘွဲ့အလိုက် လစဉ်ချီးမြှင့်ငွေများကို ပါရဂူဘွဲ့ရရှိသူတစ်ဦးလျှင် (၃၀၀၀၀) ကျပ်၊ မဟာဒဿန၊ မဟာဘွဲ့၊ မဟာသုတေသန ရရှိသူတစ်ဦးလျှင် (၂၅၀၀၀) ကျပ်၊ ဘွဲ့လွန်ဒီပလိုမာရရှိသူ တစ်ဦးလျှင် (၁၀၀၀၀) ကျပ် စသဖြင့် လစဉ်ချီးမြှင့်ငွေများ ပေးအပ်လျက်ရှိကြောင်းလည်း ၎င်းက ရှင်းလင်းပြောကြားသွားပါတယ်။

#ဝန်ထမ်းလစာ

#ပညာရေးဝန်ထမ်း

#ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန

#ပြည်သူ့လွှတ်တော်

#နေပြည်တော်

ဆက်စပ်သတင်းများ

Eastern Thanlwin