၁၇ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)
ဗကြီး
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ကွာလာလမ်ပူသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်ဖို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအေဗရာဟင်က စက်တင်ဘာ (၁၆) ရက်မှာ မလေးရှားနိုင်ငံသို့ လာရောက်ဖို့ ဖိတ်ခေါ်လိုက်တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ မိတ်ဆွေဖြစ်လို့ရတယ်။ ကုန်သွယ်လို့ရတယ်။ ကျွန်တော်တို့ မြန်မာကို လက်ခံနိုင်တယ်။ ဒါပေမဲ့ မြန်မာက သူတို့ (ရိုဟင်ဂျာ ဒုက္ခသည်တွေ)ကို ပြန်လက်ခံရမယ်ဆိုတာ ပြောဖို့ ကျွန်တော်ဖိတ်ခေါ်ထားပါတယ်”လို့ မလေးရှားသမ္မတက အွန်လိုင်းပေါ်တင်ထားတဲ့ ရုပ်သံဖိုင်တစ်ခုမှာ ပြောကြားထား ပါတယ်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ တရုတ်၊ အိန္ဒိယနဲ့ ရုရှားသို့လည်း သွားရောက်ခဲ့ပြီးဖြစ်ရာ အန်ဝါရဲ့ ဖိတ်ခေါ်မှုကို မြန်မာက လက်ခံခဲ့မယ်ဆိုရင် အဲဒါဟာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့ပြီးနောက် အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံသို့ ပဉ္စမမြောက်ခရီးစဉ် ဖြစ်လာမှာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံဟာ ၁၉၅၁ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီမှုကို လက်မှတ်မထိုးထားဘဲ ဒုက္ခသည်အဖြစ် တရားဝင်အသိအမှတ်မပြုပေမယ့် ရိုဟင်ဂျာ ၁၂၆၀၀၀ ကျော်ကို လက်ခံထားရပြီး မြန်မာက ရိုဟင်ဂျာ ၅၀၀၀ ပြန်လည် လက်ခံဖို့ သဘောတူထားတယ်လို့ အန်ဝါက ဇူလိုင်လက ကြေညာခဲ့ပါတယ်။
မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာတွေနဲ့ ဒေသခံ အသိုင်းအဝိုင်းများကြား တင်းမာမှုတွေ မြင့်တက်လာနေတယ်လို့ ဆိုထားပြီး မလေးရှားနိုင်ငံက ပထမအသုတ်အနေနဲ့ ရိုဟင်ဂျာ (၁၅၀၀)ကို စက်တင်ဘာ (၂၉)ရက်မှာ မြန်မာနိုင်ငံသို့ ပြန်ပို့ဖို့ စီစဉ်ထားတယ်လို့ မလေးရှားနိုင်ငံ အစိုးရက ပြောဆိုထားပါတယ်။

