၁၇ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
ရန်ကုန်-မန္တလေး အမြန်လမ်းမှာ တိုးဂိတ်တွေကို ဖြတ်သန်းတဲ့အခါ တန်းစီပြီး ငွေပေးစရာမလိုတော့ဘဲ အလိုအလျောက် လမ်းအသုံးပြုခ ပေးချေနိုင်မယ့် Toll Pass RFID စနစ်ကို စက်တင်ဘာ (၁၇) ရက်ကနေ စတင်ရောင်းချ တပ်ဆင်ပေးသွားမယ်လို့ ဆောက်လုပ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Toll Pass ကို နေ့စဉ်ပိတ်ရက်မရှိဘဲ မနက် ၉ နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိ ဝယ်ယူတပ်ဆင်နိုင်မှာဖြစ်တယ်လို့ ဖော်ပြထားကာ လက်ရှိမှာတော့ ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်ရှိ အမှတ် (၃) တိုးဂိတ်၊ စီလမ်းဆုံတိုးဂိတ်နဲ့ စကားအင်းတိုးဂိတ် စတဲ့ နေရာ ၃ ခုမှာ TollPass Counter တွေ ဖွင့်လှစ်ပေးထားမယ်လို့ သိရပါတယ်။
Toll Pass တပ်ဆင်ချင်တဲ့ ယာဉ်ပိုင်ရှင်တွေအနေနဲ့ Smart Phone၊ တပ်ဆင်မယ့်ယာဉ်နဲ့ ယာဉ်မှတ်ပုံတင် (Wheel Tax) တို့ကို ယူဆောင်လာရမှာ ဖြစ်ပြီး တပ်ဆင်တဲ့အခါ ဖုန်းကနေ မှတ်ပုံတင်ပြီး Application ထည့်သွင်းပေးမှာဖြစ်ကာ ယာဉ်အချက်အလက်တွေ မှတ်တမ်းတင်တာနဲ့ ယာဉ်မှာ RFID Sticker ကပ်ပေးတာတွေ ဆောင်ရွက်ပေးမှာပါ။
ဒါ့အပြင် Toll Pass အကောင့်ထဲကို အနည်းဆုံး ၅,၀၀၀ ကျပ် ကြိုတင်ဖြည့်ထားရမှာဖြစ်ပြီး RFID Sticker နဲ့ တစ်နှစ်စာ ဝန်ဆောင်ခအတွက် ၂၀,၀၀၀ ကျပ် ပေးရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပြီး RFID ကတ်အသစ် တပ်ဆင်တိုင်း ဝန်ဆောင်ခကို ထပ်မံပေးဆောင်ရမှာ ဖြစ်ပါတယ်။
Toll Pass တပ်ဆင်ပြီးတဲ့ ယာဉ်တွေဟာ တိုးဂိတ်ရောက်တဲ့အခါ Toll Pass သီးသန့်ယာဉ်ကြောကနေ ဖြတ်သန်းရမှာဖြစ်ပြီး အမြန်နှုန်းကို တစ်နာရီ ကီလိုမီတာ ၂၀ ထက် မပိုစေဘဲ မောင်းနှင်ရမှာဖြစ်ပါတယ်။
မိမိယာဉ်မှာ တိုးလ်ဂိတ်ထဲ ဝင်လာတာနဲ့ RFID စနစ်က ယာဉ်ကို အလိုအလျောက်ဖတ်ပေးပြီး မောင်းတံလည်း အလိုအလျောက်ပွင့်သွားမှာဖြစ်တာကြောင့် လမ်းအသုံးပြုခပေးဖို့ တန်းစီစောင့်ဆိုင်းစရာ မလိုအပ်တော့ဘူးလို့ သိရပါတယ်။
လမ်းအသုံးပြုခကိုတော့ တိုးဂိတ်နှစ်ခုကြား အကွာအဝေးနဲ့ ယာဉ်အမျိုးအစား Class အလိုက် လမ်းဦးစီးဌာနက သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း TollPass Unit (TPU) ကနေ ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။
ဥပမာအနေနဲ့ ရန်ကုန်ဘက်ကနေ အမှတ် (၃) တိုးဂိတ်ကို ဖြတ်ပြီး Class 1 ယာဉ်နဲ့ ဖြူးတိုးဂိတ်အထိ သွားမယ်ဆိုရင် သတ်မှတ်ထားတဲ့အတိုင်း ၁,၅၀၀ TPU ဖြတ်တောက်မှာဖြစ်ပြီး TollPass ထဲ ငွေဖြည့်ကာ TPU အဖြစ် ပြောင်းလဲသွားပြီးရင် ပြန်အမ်းငွေထုတ်ယူလို့ မရတော့ဘူးလို့ သတိပေးထားပါတယ်။
TPU ရဲ့ သက်တမ်းကတော့ RFID Sticker စတင်ထုတ်ပေးတဲ့နေ့ကနေ တစ်နှစ်သတ်မှတ်ထားကာ စတင်ရောင်းချတဲ့ စက်တင်ဘာ (၁၇) ရက်မှာတော့ ငွေပေးချေမှုကို ငွေသားနဲ့ပဲ လက်ခံသွားမယ်လို့ သိရပါတယ်။
နောက်ပိုင်းမှာတော့ MMQR၊ KBZ Pay၊ AYA Pay နဲ့ Wave Pay တို့ကနေ အွန်လိုင်းငွေပေးချေပြီး TPU ဖြည့်နိုင်အောင် ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
TollPass စနစ်ကို အသုံးပြုသူတွေဟာ ဖုန်း Application ကနေတစ်ဆင့် ကိုယ့်ယာဉ်ရဲ့ TPU လက်ကျန်၊ ဖြတ်သန်းခဲ့တဲ့ ခရီးစဉ်နဲ့ လမ်းအသုံးပြုခအတွက် ဖြတ်တောက်ထားတဲ့ TPU ပမာဏတွေကို အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
လက်ရှိမှာ ရန်ကုန်ကနေ မန္တလေးအထိ အမြန်လမ်းတစ်လျှောက်ရှိ တိုးဂိတ်ကြီး ၆ ခုကို TollPass စနစ်နဲ့ ဖြတ်သန်းနိုင်အောင် တပ်ဆင်နေပြီး စနစ်စတင်အသုံးပြုတဲ့ကာလမှာ Software Error နဲ့ Barrier Error တချို့ ဖြစ်ပေါ်နိုင်တာကြောင့် အဆင်မပြေမှုတွေရှိရင် Hotline ဖုန်းနံပါတ်တွေကို ဆက်သွယ်အကြောင်းကြားပေးဖို့လည်း သက်ဆိုင်ရာက အသိပေးထားပါတယ်။

