၁၇ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
ရန်ကုန်မြို့မှာ စားအုန်းဆီဈေးနှုန်းတွေ ရက်ပိုင်းအတွင်း သိသိသာသာမြင့်တက်လာပြီး သတ်မှတ်ရည်ညွှန်းဈေးထက် နှစ်ဆကျော်အထိ ဈေးပေါက်နေတယ်လို့ ရန်ကုန်မြို့ခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
တစ်ဖက်မှာလည်း ရပ်ကွက်အလိုက် ခွဲတမ်းနဲ့ ရောင်းချပေးတဲ့ စားအုန်းဆီကို ဝယ်ယူရတာ ပိုမိုခက်ခဲလာတယ်လို့ ဆိုပါတယ်။
လက်ရှိ သတ်မှတ်ထားတဲ့ ဆိုင်တွေမှာ စားအုန်းဆီတစ်ပိဿာကို (၇၆၅၀) ကျပ်နဲ့ ရောင်းချပေးနေတယ်လို့ သိရပေမယ့် ပြင်ပဈေးကွက်မှာတော့ တစ်ပိဿာကို ကျပ် (၁၈၀၀၀) ဝန်းကျင်အထိ ဈေးမြင့်တက်နေတယ်လို့ စုံစမ်း သိရပါတယ်။
ရပ်ကွက်တွေမှာတော့ စားအုန်းဆီကို ပုံမှန်အားဖြင့် (၁၀) ရက် တစ်ပိဿာနှုန်း ခွဲတမ်းနဲ့ ရောင်းချပေးတာရှိပေမယ့် လတ်တလောမှာ သတ်မှတ်ခွဲတမ်းအတိုင်း မရရှိတော့တဲ့ အခြေအနေမျိုးတွေနဲ့လည်း ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
စားအုန်းဆီခွဲတမ်းရရှိမှု နည်းလာလို့ ရပ်ကွက်အတွင်း စာရင်းရှိသူတွေကိုတောင် လုံလောက်အောင် ဖြန့်ဝေပေးဖို့ အခက်အခဲရှိနေတယ်လို့ စားအုန်းဆီရောင်းချတဲ့ လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။
စားအုန်းဆီ မလုံလောက်တာကြောင့် အစားအသောက်ရောင်းချသူ တချို့ကလည်း အခြားဆီ အမျိုးအစားတွေနဲ့ ရောစပ်အသုံးပြုလာရပြီး ထုတ်လုပ်မှုကုန်ကျစရိတ် ပိုတက်လာတယ်လို့ ဆိုပါတယ်။
စားအုန်းဆီ ရရှိမှုနည်းလာတာနဲ့ ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်လာတာတွေဟာ စားသုံးသူတွေအပြင် အစားအသောက်ရောင်းချသူတွေအပေါ်ပါ ကုန်ကျစရိတ်ပိုမိုသက်ရောက်မှူရှိလာပြီဖြစ်တယ်လို့ မြို့ခံတို့က ဆိုလာပါတယ်။

