၁၆ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)
စွန်ရဲ
ထိုင်းနိုင်ငံ ချန်ထဘူရီမြို့မှာ သားဖြစ်သူရဲ့ သူငယ်ချင်း အသက် (၁၃) နှစ်အရွယ် မိန်းကလေးကို နေအိမ်မှာ လာရောက်တည်းခိုနေချိန် လိင်ပိုင်းဆိုင်ရာ (၂)ကြိမ်တိုင် ပြုကျင့်ခဲ့တဲ့ ဖခင်ဖြစ်သူကို ထိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ(၁၅) ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosod ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဖြစ်စဥ်မှာ ထိုင်းနိုင်ငံ အရှေ့ပိုင်း၊ ချန်ထဘူရီမြို့နယ်၊ ဘန်ကရာကျေးရွာအုပ်စုရှိ နေအိမ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ကျူးလွန်ခံရသူ အသက် (၁၃) နှစ်အရွယ် မိန်းကလေးက ရဲစခန်းကို သွားရောက်တိုင်ကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးကာ တရားရုံးရဲ့ ဖမ်းဝရမ်းနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ ရဲ့ ထုတ်ပြန်ချက်အရ ပြစ်မှုကျူးလွန်ခဲ့သူမှာ ထိုင်းအမျိုးသား မစ္စတာ ထနာဝိဖုဒ် (ခေါ်) တောင်း ဖြစ်ပြီး မိန်းကလေးဟာ မစ္စတာတောင်းရဲ့ သားနဲ့ သူငယ်ချင်းဖြစ်ကာ မိသားစုနဲ့ ကွဲကွာနေတာကြောင့် ၎င်းရဲ့ နေအိမ်မှာ လာရောက်နေထိုင်ခဲ့တာလို့ ဆိုပါတယ်။
ထိုင်းရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းမှုအရ မစ္စတာတောင်းက ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ပြီး ထိုမိန်းကလေးရဲ့ မိခင်နဲ့ ကာလကြာရှည် ရင်းနှီးခဲ့ရာ မိန်းကလေးရဲ့ မိသားစုကွဲကွာသွားတဲ့အပြင် ၎င်းရဲ့ သားနဲ့လည်း သူငယ်ချင်းဖြစ်နေလို့ နေအိမ်မှာ လာရောက်နေထိုင်ခွင့်ပြုခဲ့တယ်လို့ ထွက်ဆိုခဲ့ထားပါတယ်။
ဖြစ်စဉ်ဖြစ်ပွားသည့်နေ့မှာ မစ္စတာတောင်းက ညအချိန် အလုပ်မှ အိမ်ပြန်ရောက်လာပြီး မိန်းကလေး အိပ်ပျော်နေတာကို တွေ့ရှိခဲ့ရာ အခွင့်ကောင်းယူပြီး မိန်းကလေးအခန်းထဲ ဝင်ရောက်ကာ နှစ်ကြိမ်တိုင်တိုင် ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မစ္စတာတောင်းကို အသက် (၁၅) နှစ်မပြည့်သေးတဲ့ ကလေးအား သဘောတူညီမှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လိင်ဆက်ဆံမှု ကျူးလွန်ခြင်း၊ အင်အားသုံးခြင်းနှင့် ခုခံနိုင်စွမ်းမရှိတဲ့ အခြေအနေကို အခွင့်ကောင်းယူခြင်းတို့နဲ့ စွဲချက်တင်ထားပြီး ချန်ထဘူရီမြို့မရဲစခန်းမှာ ဆက်လက်အရေးယူသွားမယ်လို့ သိရပါတယ်။
#(၁၃)နှစ်အရွယ်

