Language:

ဥပဒေနဲ့ မြို့ဝမ်းရေး


ဥပဒေနဲ့ မြို့ဝမ်းရေး

၁၆ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)

(အတွေးအမြင်)

စက်တင်ဘာ(၁၆)ရက်နေ့ မနက် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၁)မှာ တာချီလိတ်မြို့အပါအဝင် ရှမ်း/အရှေ့ ဒေသတော်တော်များများ စားသုံးဖို့အတွက် ထိုင်နိုင်ငံက သယ်လာတဲ့ အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေ သယ်ဆောင်လာတဲ့ ကားအပါအဝင် သုံးဘီး(ဆမ်လော့)(၂၅)စီးကို သက်ဆိုင်ရာက တရားမဝင် တင်သွင်းလာလို့ဆိုပြီး ဖမ်းဆီးလိုက်တဲ့သတင်းက တမြို့လုံး မကြားစဖူး ထူးဆန်းစွာ ကြားလိုက်ရတယ်။

အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်ကို တာချီလိတ်အပါအဝင် ရှမ်း/အရှေ့ ဒေသ တော်တော်များများက ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ အပေါ်မှီခိုစားသောက်တာ နှစ်ပေါင်း အတော်ကြာနေပါပြီ။ ရှမ်းအရှေ့မှာ ဟင်းသီးဟင်းရွက်စိုက်တဲ့ ကျေးရွာတွေ၊ မြို့နယ်တွေ ရှိပါတယ်။ ဒါပေမယ့် ဒေသတွင်ထွက်ရှိမှုက လုံလောက်ခြင်းမရှိတဲ့အတွက် ထိုင်းနိုင်ငံက တင်သွင်းပြီး စားသောက်နေကြတာဖြစ်ပါတယ်။

အခုလို တင်သွင်းလာတဲ့ အခြေခံအစားအသောက်တွေဟာ ဥပဒေအရ တရားမဝင်ဘူးလားဆိုတဲ့ မေးခွန်းဟာ ဒေသခံလူတိုင်းအတွက် မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ကျွန်တော်ကို တရားမဝင်ဘူးလားမေးရင် တစ်ခွန်းတည်းပြောစရာရှိပါတယ်။ “တရားမဝင်ပါဘူး”။

ဘာကြောင့် တရားမဝင်တာလဲလို့ မေးခွန်းမေးလာရင်တော့ ဖြေစရာ အဖြေတော်တော်များပါ။ ၂၀၁၆ ခုနှစ် စီးပွား/ကူးသန်းဝန်ကြီးဌာရဲ့ နယ်စပ် ကုန်သွယ်ရေးစခန်းတွေနဲ့ ပတ်သက်ပြီး အစည်းအဝေးတစ်ခုလုပ်ပါတယ်။ အဲ့ဒီအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ နယ်စပ်ဒေသမှာ နေထိုင်တဲ့ တိုင်းရင်းသား လူထုအတွက် နယ်စပ်ဂိတ်ကနေ (၁၅)မိုင်အတွင်း နေထိုင်သူတွေအတွက် တပိုင်တနိုင်၊ သတ်မှတ်တန်ဖိုးအတိုင်း ကုန်စည်ကို တဖက်နိုင်ငံက ဝယ်ယူစားသောက်ခွင့်ရှိပါတယ်။

အဲ့ဒီကုန်စည်ဟာ (၁၆၈)မျိုးရှိပါတယ်။ အဲ့ဒီကုန်စည်တွေ တပိုင်တနိုင်တင်သွင်းတာနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရကို ကုန်စည်ရဲ့ တန်ဖိုး(၃)ရာခိုင်နှုန်း အခွန်ပေးဆောင်ပြီးမှ (၁၅)မိုင်ဧရိယာအတွင်းသာ အသုံးပြုခွင့်ရှိတာပါ။

ဒါပေမယ့် ကျွန်တော် မှတ်မိသလောက် ၂၀၂၃ ခုနှစ်နောက်ပိုင်းမှာ ပြည်နယ်အစိုးရကို (၃)ရာခိုင်နှုန်းပေးဆောင်ပြီး တပိုင်တနိုင် ကုန်တင်သွင်းခွင့်ကို ပြည်ထောင်စုအစိုးရက တရားမဝင်ကုန်သွယ်မှု ပိုမိုဖြစ်စေတဲ့အတွက် နယ်စပ်နေ တိုင်းရင်းသား လူထုကို ပေးထားတယ် အခွင့်အရေး @ပြန်လည်ပြီး ရုတ်သိမ်းလိုက်တယ်လို့ ကြားသိရပါတယ်။

အခု ဖမ်းဆီးသိမ်းဆည်းခံရတဲ့ ကုန်စည်တွေနဲ့ပတ်သက်ပြီး တချိန်ကတော့ နယ်စပ်ဒေသ နေထိုင်သူတွေအတွက်တော့ အခွင့်အရေးရှိခဲ့ပေမယ့် အခွင့်အရေးရုတ်သိမ်းလိုက်တဲ့ ၂၀၂၃ ခုနှစ်ကနေစပြီး ချစ်ကြည်ရေးတံတား အမှတ်(၁)ကနေ သုံးဘီး၊ ဟိုက်ဂျက်ကားတွေနဲ့ တင်သွင်းနေတဲ့ ကုန်စည်မှန်သမျှဟာ ဥပဒေအရ တရားမဝင်ပါဘူး။

ဒါပေမယ့် သက်ဆိုင်ရာ အာဏာပိုင်တွေဟာ ဒေသခံ လူထုမနစ်နာအောင် တရားဝင် ခွင့်မပြုတော့တဲ့ တပိုင်တနိုင် ကုန်စည်တွေကို နားလည်မှုနဲ့ ခွင့်ပြုထားခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် မနေ့က ဖမ်းဆီးလိုက်တဲ့ အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေဟာ ဥပဒေအရ တရားမဝင် တင်သွင်းလာတဲ့ ကုန်စည်တွေဖြစ်နေကြတာပါ။

အခုလက်ရှိတော့ သုံးဘီး၊ ဟိုက်ဂျက်၊ မှန်လုံကားတွေနဲ့ တရားမဝင်တင်သွင်းလာတဲ့ ကုန်စည်တွေကို သက်ဆိုင်ရာက ပို့ကုန်/သွင်းကုန် အက် ပုဒ်မ-၈ အရေးယူဖို့ အမှုဖွင့်ထားတယ်လို့လဲ ကြားသိရပါတယ်။

အခုလို ဖမ်းဆီးလိုက်တော့ နောက်နေ့ကြ ငါတို့ တာချီလိတ်အပါအဝင် မိုင်းဖြတ်၊ မိုင်းဆတ်နဲ့ တခြားကျေးရွာတွေက ဘယ်ကဟာနဲ့ သွားစားရမှာလဲဆိုတဲ့ မေးခွန်းတွေဟာလဲ ထွက်ပေါ်လာကြာမှာ….။

ကျွန်တော်ထင်ပါတယ် ပြည်သူတွေကိုတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက အငတ်ထားကြမှာမဟုတ်ပါဘူး။ အခုလို ဖမ်းဆီးရခြင်းကလည်း အကြောင်းကိစ္စ တခုခုကြောင့်သာ ဖြစ်မှာပါ။

နယ်စပ်ကနေ တပိုင်တနိုင် ထိုင်းနိုင်ငံက ကုန်စည်တင်သွင်းခွင့်ဆိုတာဟာ လူတစ်စု၊ ကုန်သည်တစ်စုရဲ့ ရပိုင်ခွင့်မဟုတ်ပါဘူး။ ဒေသခံ ပြည်သူလူထုအားလုံးရဲ့ ရပိုင်ခွင့်ပါ။ အခုလို ဖမ်းဆီးတာဟာလည်း လူတစ်စုဟာ သူတို့နဲ့သာဆိုင်တယ်ဆိုပြီး တစ်ဦးနဲ့တစ်ဦး မနာလိုဝန်တိုစိတ်ကြောင့် အတိုင်အတောတွေ ဖြစ်ပေါ်လာရပြီး သက်ဆိုင်ရာအာဏာပိုင်တွေက အရေးယူရခြင်းဖြစ်ဖို့များတယ်လို့ ပြောဆိုနေသံလဲ ကြားနေရပါတယ်။@

နယ်စပ်တစ်ပိုင်တနိုင်တင်သွင်းခွင့်နဲ့ ပတ်သက်ပြီး ကျွန်တော်မှတ်မိသလောက်က ရှမ်းပြည်နယ်အစိုးရဟာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ တစ်နှစ်ကို ပျှမ်းမျှ ကျပ်သိန်း(၅)ထောင်နဲ့ ကျပ်သိန်း(၁)သောင်းလောက် အခွန်ရရှိခဲ့တာဖြစ်ပါတယ်။

အရင် ၂၀၁၅ ခုနှစ်ပတ်ဝန်းကျင်က သုံးဘီး(ဆမ်လော့) မှန်လုံကားတွေနဲ့ သယ်ယူခဲ့ကြတာမဟုတ်ပါဘူး။ လက်တွန်းလှည်းအပါအဝင် လူနဲ့ နိုင်သလောက် သယ်ယူပြီး မြို့တွင်း ပြန်လည်ရောင်းချခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ တစ်နေ့တစ်နေ့ လူတွေ အကြိမ်ကြိမ်သယ်နေတာ မြင်မကောင်း ရှုမကောင်းဖြစ်ခဲ့ကြတဲ့အတွက် သုံးဘီး(ဆမ်လော့) မှန်လုံကားနဲ့ သယ်ခွင့်ပြုခဲ့ကြတာဖြစ်ပါတယ်။

တာချီလိတ်မြို့မှာ ကုန်စည်သယ်ယူတာနဲ့ပတ်သက်ပြီး ကုန်စည်တင်သွင်းခွင့်လိုင်စင်နဲ့ တရားဝင်ခွင့်ပြုထားတာ ချစ်ကြည်ရေးတံတား အမှတ်(၂)တစ်ခုတည်းသာ ဖြစ်ပါတယ်။ ချစ်ကြည်ရေးတံတား အမှတ်(၁)ဆိုတာ လူတွေ သွားလာဖို့အတွက်သာ အသုံးပြုဖို့ သတ်မှတ်ထားတာပါ။

ယခုလက်ရှိတော့ သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ တစ်ဖက်ကလဲ အများသူငါလိုက်နာဖို့ ပြဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ တဖက်ကလဲ စောင့်ရှောက်ရမယ့် ပြည်သူလူထုရဲ့ ဝမ်းရေး ဖြစ်နေတဲ့အတွက် နှစ်ဖက်မျှတအောင် မြို့လူထုလဲအဆင်ပြေအောင် စီစဉ်ပေးပါလိမ့်မယ်။

အရေးအကြီးဆုံးက ပေးတဲ့အခွင့်အရေးကို လူတစ်စု၊ တစ်ဖွဲ့က လူအများအဆင်ပြေအောင် ကိုယ်ကျိုးအတွက်ဘဲ မကြည့်ကြဖို့နဲ့ ဥပဒေကိုလည်း လေးစားဖို့ လိုအပ်ပါတယ်။

တစ်ဦးတည်းပဲ အခွင့်အရေးအားလုံးလိုချင်ပြီး ဟိုတိုင် ဒီတန်းနဲ့ ငါဘဲ ဒီအလုပ်ကိုလုပ်မယ် တခြားဘယ်သူမှမလုပ်ရဘူး “မင်းသားကြီး မလုပ်ရရင် ပတ်မကြီးထိုးခွဲမယ်” ဆိုတဲ့ စိတ်ဓါတ်နဲ့ဆိုရင်တော့ ပျက်စီးခြင်းဘဲ စိုက်ရောက်ပါလိမ့်မယ်။

ကုန်သည်ရဲ့ နောက်မှာ စားဝတ်နေရေးအတွက် ကုန်တင်ကုန်ချ အလုပ်သမားတွေရှိမယ်၊ ကားသမားဘဝတွေရှိမယ်၊ ဒီကုန်စည်တွေကို ပြန်လည်ရောင်းချမယ့် ဈေးသည်တွေရှိမယ်။

ဈေးသည်တွေရဲ့နောက်မှာ မှီခိုနေတဲ့ မိသားစုတွေရှိမယ်။ ကုန်စည်တင်သွင်းခွင့် တင်းကြပ်ရင် မြို့လူထု ကုန်ဈေးနှုန်းကြီးမယ့်ဒဏ်ကို ခံစားရမယ်။

မြို့မှာ နဂိုက စီးပွားရေးမကောင်း ၊ အကုန်လုံးခက်ခဲနေချိန်မှာ ထပ်ပြီး အခြေခံစားသောက်ကုန်ပါ ကုန်ဈေးနှုန်းတက်ပြီး ကြပ်တည်းလာရင် ဒုစရိုက်မှုတွေပိုဖြစ်လာပြီး တစ်ဦးကိုတစ်ဦး ပြန်လည်စောင့်ရှောက်ခြင်းဆိုတဲ့ လူသားတွေရဲ့ အခြေခံလိုက်နာစောင့်ထိန်းရမယ့် ကိုယ်ကျင့်တရား “လောကပါလတရား”လည်း ပျက်စီးလာပါလိမ့်မယ်။

ဒီကိစ္စကို သတင်းရေးသားခြင်းထက် ကျွန်တော်အမြင်၊ ကျွန်တော်အတွေးသက်သက်နဲ့သာ ရေးသားခြင်းဖြစ်ပါတယ်။ သတင်းမဟုတ်ပါ။ တွေးမိသမျှ ရေးမိခြင်းသာဖြစ်ပါတယ်။

#အတွေးအမြင်

#ဥပဒေနဲ့မြို့ဝမ်းရေး

#ကုန်စည်

#တာချီလိတ်

#စားဝတ်နေရေး

#လောကပါလတရား

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin