Language:

တာချီလိတ်ဘက်မှ မယ်ဆိုင်ချောင်းကို ဖြတ်ကူးကာ ထိုင်းနိုင်ငံထဲ ဝင်ရောက်သွားတဲ့ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးကို ထိုင်းအာဏာပိုင်များ ထိန်းသိမ်း


တာချီလိတ်ဘက်မှ မယ်ဆိုင်ချောင်းကို ဖြတ်ကူးကာ ထိုင်းနိုင်ငံထဲ ဝင်ရောက်သွားတဲ့ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးကို ထိုင်းအာဏာပိုင်များ ထိန်းသိမ်း

၁၅ စက်တင်ဘာ ၂၀၂၆ (Eastern Thanlwin)

ဇင်ကြီး

မြန်မာနိုင်ငံ တာချီလိတ်ဘက်မှ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်ကနေ မယ်ဆိုင်ချောင်းကို ဖြတ်ကူးကာ ထိုင်းနိုင်ငံထဲ ဝင်ရောက်သွားတဲ့ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးကို ထိုင်းအာဏာပိုင်များ ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်မှာ စက်တင်ဘာ (၁၄)ရက် ညနေပိုင်းက အသက် (၃၀)နှစ် ဝန်းကျင်ရှိ အမျိုးသားတစ်ဦး အထောက်အထား စာရွက်စာတမ်းမပါဘဲ ထိုင်းနိုင်ငံဘက် ဝင်ရောက်သွားရာ ဒေသခံများထိတ်လန့်ခဲ့ကြပြီး သက်ဆိုင်ရာအဖွဲ့များက ထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အမျိုးသားမှာ စိတ်မတည်မငြိမ်ဖြစ်နေတဲ့ ပုံစံမျိုးရှိပြီး စကားပြောရာမှာလည်း ရှုပ်ထွေးနေကာ ရေစိုရွှဲနေတဲ့အခြေအနေနဲ့ မယ်ဆိုင်မြစ်အတွင်း လမ်းလျှောက်ဖြတ်ကူးကာ လူနေအိမ်များရှိရာကို ဝင်ရောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

ထိုသို့ ဝင်ရောက်လာလို့ ဒေသခံတွေ ထိတ်လန့်စိုးရိမ်ခဲ့ကြသဖြင့် ဘန်မယ်ဆိုင် (ထမ်ဖာချွမ်) ကျေးရွာ အမှတ် (၁) ကျေးရွာအုပ်စုရှိ ကျေးရွာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျေးရွာလုံခြုံရေးတာဝန်ရှိသူတွေနဲ့ စေတနာ့ဝန်ထမ်းများက အဆိုပါ အမျိုးသားကို ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

ထို့နောက် အမျိုးသားအား စစ်ဆေးရာ တရားမဝင် ပစ္စည်းများမတွေ့ရှိရဘဲ မယ်ဆိုင်မြို့နယ် ဟွာဖိုင်ကင်းစခန်းရှိ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်ရန် စီစဉ်ခဲ့ကြတယ်လို့ သိရပါတယ်။

ထိုဖြစ်စဥ်အပြီး ည ၇ နာရီမှစ၍ သန်းခေါင်ယံအထိ လုံခြုံရေးအဖွဲ့များက မယ်ဆိုင်မြို့နယ်အတွင်း လုံခြုံရေး ကင်းလှည့်စစ်ဆေးခဲ့ပြီး မယ်ဆိုင်မြို့နယ် ကျွန်းဆိုင်ကျေးရွာအမှတ် (၇) ကျေးရွာလုံခြုံရေးအဖွဲ့နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများပူးပေါင်းပြီး ကင်းလှည့်ခဲ့တယ်လို့လည်း သိရပါတယ်။

#တာချီလိတ်

#ထိုင်းနိုင်ငံ

#ဘန်မယ်ဆိုင်

#တရားမဝင်ဝင်ရောက်

#စိတ်ကျန်းမာရေးမကောင်းသူ

#ထိုင်းအာဏာပိုင်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin