၁၅ စက်တင်ဘာလ ၂၀၂၆ ( Eastern ThanLwin)
စွန်ရဲ
ထိုင်းပြည်သူတွေရဲ့ ဖိအားကြောင့် မယ်ဆိုင်ချောင်းနဲ့ နမ့်ကုတ်ချောင်းတို့ ချောင်းရေအဆိပ်သင့်နေမှုကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကိုယ်တိုင် တာချီလိတ် ဒေသအာဏာပိုင်နဲ့ တွေ့ဆုံပြီး စက်တင်ဘာ(၁၄)ရက်က ဆွေးနွေးခဲ့တယ်လို့ အရှေ့သံလွင် သတင်းဌာနက စုံစမ်းသိရှိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနဲ့ ထိုင်းသံရုံးအဖွဲ့ဝင်များက တာချီလိတ်မြို့ ခရိုင်စုပေါင်းရုံး အစည်းအဝေးခန်းမမှာ စက်တင်ဘာ(၁၄)ရက် နေ့လည်ပိုင်းက တာချီလိတ်ခရိုင်အတွင်းရှိ သက်ဆိုင်ရာ တာဝန်ရှိသူများနဲ့တွေ့ဆုံပြီး ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
“အဓိကတော့ နှစ်နိုင်ငံနယ်စပ်မှာ သဘာဝဘေးကြုံတွေ့နေရတဲ့ ရေဘေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေ၊ မူးယစ်ဆေးဝါးကိစ္စတွေကို ဆွေးနွေးခဲ့တာပါ” လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံက အရှေ့သံလွင်မီဒီယာကိုပြောပါတယ်။
မြန်မာနိုင်ငံ မိုင်းဆတ်ခရိုင် တာချီလိတ်မြိူ့နယ်အတွင်း မြစ်ဖျားခံပြီး ထိုင်းနိုင်ငံအတွင်းကို စီးဝင်တဲ့ မယ်ဆိုင်ချောင်းနဲ့ နမ့်ကုတ်ချောင်းအတွင်း တရားမဝင်သတ္တုတူးဖေါ်မှုတွေကြောင့် ချောင်းရေ အဆိပ်သင့်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ထိုင်းပြည်သူတွေရဲ့ ဖိအားကြောင့် ထိုင်းသံအမတ် ကိုယ်တိုင် တာချီလိတ်မြို့ကို ရောက်ရှိလာပြီး သက်ဆိုင်ရာနဲ့ ဆွေးနွေးတဲ့အပြင် ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးနဲ့လဲ ဒီကနေ့ စက်တင်ဘာ(၁၅)ရက်က ချင်းရိုင်းမြို့မှာ သွားရောက်ဆွေးနွေးနေတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံသံအမတ်မှ မနေ့က စက်တင်ဘာ(၁၄)ရက်က သက်ဆိုင်ရာ ခရိုင်အဆင့် အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့ပြီး ညနေပိုင်းမှာ ကုန်သွယ်ရေးဦးစီးဌာန(နကသ)အပါအဝင်၊ နယ်ခြားကော်မတီအဖွဲ့တွေနဲ့လဲ တွေ့ဆုံဆွေးနွေးခဲ့ပြီး ညနေပိုင်းမှာ ကုန်သည်လုပ်ငန်းရှင်များနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
“ရှမ်းအရှေ့မှာ လောင်ဆာဆီခက်ခဲနေတာကို အလွတ်တန်း တင်ပြဆွေးနွေးခဲ့တယ်။ အဓိကတော့ တာချီလိတ်မှာ အွန်လိုင်း Scram လိမ်လည်တဲ့ဟာတွေ (၉၉%)လောက်ပျောက်သွားပြီဖြစ်တဲ့အတွက် အရင်လို ပြန်လည်ပြီး သွင်းခွင့်ပေးဖို့ ဆွေးနွေးခဲ့တာပါ”လို့ ကုန်သည်လုပ်ငန်းရှင်များ အသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကုန်သွယ်ရေးလုပ်ငန်းများနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံကို ထောပတ်သီး တင်ပို့တဲ့နေရာမှာ ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးမှုများရှိနေတဲ့အတွက် နှစ်နိုင်ငံ တရားဝင်ပို့ဆောင်နိုင်ဖိုအတွက် ဆွေးနွေးခဲ့တယ်လို့ သိရှိရပါတယ်။
ထိုင်းနိုင်ငံကို ထောပတ်သီးတရားဝင်ပို့တဲ့ နိုင်ငံမှာ (၄)နိုင်ငံသာရှိပြီး မြန်မာမှ ထောပတ်သီးကို တရားဝင်တင်ပို့နိုင်ဖို့အတွက် ထိုင်းနိုင်ငံ သံအမတ်ကြီးမှ သက်ဆိုင်ရာ နိုင်ငံအလိုက် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပေးဖို့ ရှိတယ်လို့လဲ စုံစမ်းသိရှိရပါတယ်။
ယခုနှစ်ပိုင်းအတွင်း တာချီလိတ်မြို့ကို နိုင်ငံခြား သံအမတ်ပေါင်း (၆)ဦးခန့် အကြိမ်ကြိမ်လာရောက်ခဲ့ပြီး အွန်လိုင်း Scram ငွေလိမ်လုပ်ငန်းနဲ့ ပတ်သက်လို့ လာရောက်ဆွေးနွေးတာ၊ နယ်စပ်လုံခြုံရေး၊ မူးယစ်ဆေးဝါးကိစ္စတွေကို ဆွေနွေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။

