Language:

ပြည်တွင်း စက်သုံးဆီလိုအပ်ချက် ပိုမိုဖြည့်ဆည်းပေးနိုင်ရေး ရပ်နားထားတဲ့ နိုင်ငံပိုင် ရေနံချက်စက်ရုံတွေ ပြန်လည် လည်ပတ်နိုင်ဖို့ ပြင်ဆင်


ပြည်တွင်း စက်သုံးဆီလိုအပ်ချက် ပိုမိုဖြည့်ဆည်းပေးနိုင်ရေး ရပ်နားထားတဲ့ နိုင်ငံပိုင် ရေနံချက်စက်ရုံတွေ ပြန်လည် လည်ပတ်နိုင်ဖို့ ပြင်ဆင်

၁၅ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)

ကြည်ညို

ပြည်တွင်းမှာ စက်သုံးဆီလိုအပ်ချက် ပိုမိုဖြည့်ဆည်းပေးနိုင်ရေး ရပ်နားထားတဲ့ နိုင်ငံပိုင် ရေနံချက် စက်ရုံတွေ ပြန်လည်လည်ပတ်နိုင်ဖို့ ပြင်ဆင်နေသလို သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း (၁) ကိုလည်း စက်ရုံလည်ပတ်မှုနည်းစဉ်အလိုက် အဆင့်ဆင့် စမ်းသပ်လည်ပတ်နေပြီလို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက သိရပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က သန်လျင်ရေနံချက်စက်ရုံကို စက်တင်ဘာ (၁၄) ရက်က သွားရောက် ကြည့်ရှုခဲ့ပြီး လက်ရှိ စမ်းသပ်လည်ပတ်နေတဲ့ စက်ရုံဟာ ထိန်းချုပ်မောင်းနှင်တာ၊ လည်ပတ်မှုကို စောင့်ကြည့်တာနဲ့ လိုအပ်သလို ချိန်ညှိတာတွေကို Control Room ကနေ တစ်နေရာတည်း ထိန်းချုပ် ဆောင်ရွက်နိုင်မယ့် ပထမဆုံး ရေနံချက်စက်ရုံ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပြည်တွင်းစက်သုံးဆီ လိုအပ်ချက်နဲ့ ပတ်သက်ပြီးတော့လည်း လက်ရှိမှာ စက်မောင်းဆီ သုံးစွဲမှုကို စနစ်တကျ စီမံကြီးကြပ်နေသလို၊ နိုင်ငံအတွင်းမှာ လိုအပ်တဲ့ စက်သုံးဆီတွေကို ကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့လည်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခ မဖြစ်ပွားခင်ကာလမှာ စက်သုံးဆီဈေးနှုန်းဟာ ရေနံစိမ်းကုန်ကြမ်းဈေးထက် (၃၀) ရာခိုင်နှုန်းဝန်းကျင်သာ ပိုမြင့်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ (၂)ဆ ခွဲ ဝန်းကျင်အထိ မြင့်တက်လာလို့ ပြည်တွင်းရေနံချက်စက်ရုံတွေ အမြန်ဆုံး ပြန်လည်လည်ပတ်နိုင်ရေး ကြိုးပမ်းဖို့ လိုအပ်နေတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

သန်လျင်ရေနံချက်စက်ရုံဟာ အရင်က ဓာတ်ဆီ၊ ဒီဇယ်၊ လေယာဉ်ဆီနဲ့ ဓာတ်ပျံဆီတွေ ထုတ်လုပ်ပေးခဲ့တဲ့ စက်ရုံဖြစ်ခဲ့ပြီး နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒနဲ့အညီ ပြန်လည်သုံးသပ်ဆောင်ရွက်ဖို့ ၂၀၁၇ ခုနှစ်ကတည်းက စက်ရုံလည်ပတ်မှုကို ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။

အခု ပြန်လည်စမ်းသပ်လည်ပတ်နေတဲ့ စီမံကိန်းအပိုင်း (၁) ကို ရရှိနိုင်မယ့် ရေနံကုန်ကြမ်းအမျိုးအစားနဲ့ ပမာဏ အပေါ် မူတည်ပြီး တစ်နှစ်ကို ရေနံတန်ချိန် (၅) သိန်းအထိ ချက်လုပ်နိုင်မယ့် Modular Type Refinery အဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် တစ်နှစ်ကို ရေနံစိမ်းတန်ချိန် (၃) သန်းအထိ ချက်လုပ်နိုင်မယ့် စီမံကိန်းအပိုင်း (၂) ကိုလည်း ဆက်လက် အကောင်အထည်ဖော်သွားမှာဖြစ်ပြီး အပိုင်း (၂) ပြီးစီးသွားရင် နိုင်ငံရဲ့ လိုအပ်ချက်အပေါ် ဓာတ်ဆီ (၆၀) ရာခိုင်နှုန်းနဲ့ ဒီဇယ်ဆီ (၅၀) ရာခိုင်နှုန်းအထိ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မယ်လို့ သိရပါတယ်။

ရေနံချက်စက်ရုံတွေ ပြန်လည်လည်ပတ်လာနိုင်ရင် ပြည်တွင်းလိုအပ်ချက်ဖြစ်တဲ့ စက်သုံးဆီတွေကို ကုန်ကျစရိတ်သက်သာစွာနဲ့ ဖြည့်ဆည်းနိုင်မှာဖြစ်သလို ပြည်ပကနေ စက်သုံးဆီ တင်သွင်းနေရမှုကိုလည်း လျှော့ချနိုင်မှာဖြစ်တဲ့အတွက် နိုင်ငံခြားငွေသုံးစွဲမှုကိုပါ လျော့နည်းစေနိုင်မယ်လို့ သမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင် (၁၈) ရက်က သန်လျင်ခရီးစဉ်အတွင်း ပြောကြားထားပါတယ်။

လက်ရှိမှာ နိုင်ငံပိုင်ရေနံချက်စက်ရုံတွေက ထုတ်လုပ်ပေးနေတဲ့ ရေနံထွက်ပစ္စည်းပမာဏဟာ ပြည်တွင်းသုံးစွဲမှုရဲ့ (၃) ရာခိုင်နှုန်းဝန်းကျင်သာ ရှိနေတဲ့အတွက် အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားရတဲ့ ရေနံချက်စက်ရုံတွေကို ပြန်လည်လည်ပတ်နိုင်ရေး လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ပြင်ဆင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#စက်သုံးဆီ

#နိုင်ငံပိုင်ရေနံချက်စက်ရုံ

#နိုင်ငံခြားငွေ

#ရေနံချက်စက်ရုံ

#လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန

#ရေနံစိမ်း

#ဒီဇယ်

#ဓာတ်ဆီ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin