၁၅ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)
NPW
ပြည်ပကနေ ယူရီးယားဓါတ်မြေသြဇာတန်ချိန် ၅၀၀၀၀ တင်လာတဲ့ သင်္ဘောမှာ ရန်ကုန်ဆိပ်ကမ်းကို တိုက်ရိုက်ဆိုက်ကပ်ဖို့ အခက်အခဲရှိနေတာကြောင့် Ship to Ship အဆင့်ဆင့်သယ်ဆောင်နေတာမှာ တန်ချိန် (၂၀၀၀၀)ကျော် ရန်ကုန်ဆိပ်ကမ်းကို ရောက်ရှိနေပြီလို့ နိုင်ငံပိုင်သတင်းစာတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။
ဟော်မုဇ်ရေလက်ကြားပိတ်ချိန်မှာ ယူရီးယားဓါတ်မြေသြဇာသင်္ဘောတွေ ဖြတ်သန်းသွားလာရေး အခက်အခဲတွေကြောင့် ရေလက်ကြားရှိ သင်္ဘောတွေနဲ့သာ ချိတ်ဆက် တင်သွင်းရေးကို ဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။
ဟော်မုဇ်ရေလက်ကြားက ဖြတ်ကျော်လာနိုင်တဲ့ ယူရီးယားဓါတ်မြေသြဇာတန်ချိန် (၅၀၀၀၀) တင်လာတဲ့ သင်္ဘောမှာလည်း ရေစူး ၁၂ ဒဿမ ၃၅ မီတာရှိကာ ရန်ကုန်သီလဝါဆိပ် ကမ်းရေစူးမှာ ၁၀ ဒဿမ ၅၀ မီတာပဲရှိတဲ့အတွက် ဝင်လာနိုင်ခြင်းမရှိဘဲ အခက်အခဲကြုံနေရတယ်လို့ ဆိုပါတယ်။
အခုလို ရန်ကုန်သီလဝါဆိပ်ကမ်း တိုက်ရိုက်မကပ်နိုင်တဲ့အတွက် မော်လမြိုင်မြို့အနီးနဲ့ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျွန်းတွေမှာ ပြောင်းရွှေ့ရပ်နားကာ ကုန်စည်လျှော့ချပြီး ဆိုက်ကပ်နိုင်ဖို့ တန်ချိန် (၅၀၀၀၀) အနက် တန်ချိန် (၉၆၀၀) ခန့်ကို သင်္ဘောငယ် (၄) စင်းနဲ့ Ship to Ship Operation ပြုလုပ်ကာ ရန်ကုန်ဆိပ်ကမ်းဆိုက်ကပ်နိုင်ဖို့ ဆောင်ရွက်နေကာ သြဂုတ် (၁၉) ရက်အထိ ရန်ကုန်ဆိပ်ကမ်းကို သင်္ဘော (၅) စင်း ဆိုက်ကပ်ပြီး ယူရီးယားဓါတ်မြေသြဇာတန်ချိန် စုစုပေါင်း (၂၂၁၅၅) တန် ဆိပ်ကမ်းချပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
ဓါတ်မြေဩဇာ ၉၀ ရာခိုင်နှုန်းကျော် ပြည်ပမှတင်သွင်းနေရပြီး အရှေ့အလယ်ပိုင်း (ပင်လယ်ကွေ့ဒေသ)မှ အဓိကတင်သွင်းနေတာမှာ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ယူရီးယားဓါတ်မြေသြဇာ တင်သွင်းမှုအပေါ် ရိုက်ခတ်မှုရှိသလို တောင်သူတွေထံ အချိန်မီ ဖြန့်ဖြူးနိုင်ဖို့ သက်ဆိုင်ရာဌာနတွေ၊ အသင်းအဖွဲ့တွေနဲ့ ပူးပေါင်း လုပ်ဆောင်ပေးနေတယ်လို့လည်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဝန်ကြီးဌာနအနေနဲ့ ဩဂုတ်လကုန်အထိ ကွန်ပေါင်းနှင့် အခြားမြေဩဇာ (၄၃၂၁၅၀) တန် ထောက်ခံ ပေးခဲ့တယ်လို့လည်း သိရပါတယ်။

