Language:

နှစ်ရက်အတွင်း ရထားလမ်းဖြတ်ကူးရာကနေ လူ (၄) ဦး အထိ အသက်ဆုံးရှုံးခဲ့ရ


နှစ်ရက်အတွင်း ရထားလမ်းဖြတ်ကူးရာကနေ လူ (၄) ဦး အထိ အသက်ဆုံးရှုံးခဲ့ရ

၁၅ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)

ကြည်ညို

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်-ပဲခူး ရထားလမ်းပိုင်း၊ ပြွန်တန်ဆာနဲ့ ဒိုက်ဦးဘူတာကြားမှာ စက်တင်ဘာ (၁၄) ရက် ညနေ (၄) နာရီဝန်းကျင်က အမှတ် (၈) အစုန် DEMU အမြန်ရထားနဲ့ ထွန်စက်တို့ တိုက်မိခဲ့ပြီး ထွန်စက်ပေါ်ပါလာတဲ့ အမျိုးသား ၂ ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့မီးရထားလုပ်ငန်းက သိရပါတယ်။

နေပြည်တော်ကနေ မွန်းလွဲ ၁၂ နာရီခွဲဝန်းကျင်မှာ ထွက်ခွာလာတဲ့ အမှတ် (၈) အစုန် DEMU အမြန်ရထားဟာ ပြွန်တန်ဆာမြို့ကနေ ကမာဖရုံကျေးရွာဘက်ကို ဆက်သွယ်ထားတဲ့ တရားမဝင် ရထားလမ်းဖြတ်ကူးနေရာ တစ်ခုမှာ ဖြတ်သန်းလာတဲ့ ထွန်စက်နဲ့ တိုက်မိခဲ့တာ ဖြစ်ပါတယ်။

တိုက်မိမှုအရှိန်ကြောင့် ထွန်စက်ဟာ နှစ်ပိုင်းပြတ်တဲ့အထိ ပျက်စီးခဲ့ပြီး ထွန်စက်ပေါ်ပါလာတဲ့ အမျိုးသား ၂ ဦးဟာ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ရပါတယ်။

အခင်းဖြစ်ရာကို ရွှေရဲနွယ် လူမှုကူညီရေးအသင်းက သွားရောက်ကူညီခဲ့ပြီး ထွန်စက်အတွင်း ပိမိနေသူကို ကယ်ထုတ်ပေးခဲ့သလို သေဆုံးသူ (၂) ဦးရဲ့ ရုပ်အလောင်းတွေကိုလည်း ပြွန်တန်ဆာတိုက်နယ်ဆေးရုံကို ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်မိမှု ဖြစ်စဉ်ကြောင့် DEMU ရထားရဲ့ ရှေ့ပိုင်းမှာလည်း ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။

ယခုဖြစ်စဉ်မတိုင်ခင် စက်တင်ဘာ (၁၃) ရက်ကလည်း ရန်ကုန်ကနေ မနက် (၇) နာရီမှာ ထွက်ခွာလာတဲ့ အမှတ် (၅) အဆန် DEMU အမြန်ရထားဟာ ရုတ်တရက် ရထားလမ်းဖြတ်ကူးလာတဲ့ ဘေးတွဲဆိုင်ကယ်နဲ့ တိုက်မိခဲ့ပြီး ဘေးတွဲပေါ်ပါ ဘုန်းကြီးတစ်ပါးနဲ့ ကိုရင်တစ်ပါး ပျံလွန်တော်မူခဲ့ပါသေးတယ်။

ထို့ကြောင့် (၂)ရက်ဆက်တိုက် ရထားလမ်းဖြတ်ကူးရာကနေ မတော်တဆမှုတွေ ဖြစ်ပွားခဲ့ပြီး လူ (၄) ဦးအထိ အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာ့မီးရထားလုပ်ငန်းက တာဝန်ရှိသူ တစ်ဦးကလည်း ရထားလမ်းဖြတ်ကူးသူတွေအနေနဲ့ စည်းကမ်းရှိရှိ ဖြတ်ကူးကြဖို့ လိုအပ်နေပြီလို့ လူမှုကွန်ရက်မှာ သတိပေးရေးသားထားပါသေးတယ်။

(၂)ရက်ဆက်တိုက် လူ (၄) ဦး အသက်ဆုံးရှုံးခဲ့ရတာကြောင့် ရထားလမ်းဖြတ်ကူးရာမှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာကြဖို့နဲ့ ရထားလာ၊ မလာ သေချာစစ်ဆေးပြီးမှ ဖြတ်ကူးကြဖို့ မြန်မာ့မီးရထားလုပ်ငန်းက အထူးသတိပေးထားပါတယ်။

#နှစ်ရက်အတွင်း

#ရထားလမ်း

#လူ(၄)ဦးအထိ

#အသက်ဆုံးရှုံး

#မှုခင်း

#DEMU

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin