၁၁ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
စက်သုံးဆီကားတွေရဲ့ “စုံ/မ” စနစ်ကို စက်တင်ဘာ ၉ ရက်မှာ တရားဝင် ပယ်ဖျက်လိုက်ပြီးနောက် EV ကားဈေးကွက်အတွင်း စျေးနှုန်း အနည်းငယ်ကျဆင်းလာနိုင်တယ်လို့ မော်တော်ယာဥ်စျေးကွက် ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။
“စုံ/မ” စနစ် စတင်ကျင့်သုံးခဲ့တဲ့ကာလအတွင်း စက်သုံးဆီကားတွေ မောင်းနှင်ခွင့် ကန့်သတ်ခံရလို့ EV ကားတွေအပေါ် ဝယ်လိုအား မြင့်တက်ခဲ့ပြီး မော်ဒယ်အချို့မှာ ဈေးနှုန်း ၃၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိ စျေးနှုန်းတွေမြင့်တက်ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ စက်သုံးဆီ ကားတွေ ပုံမှန်အတိုင်း ပြန်မောင်းနိုင်ပြီဖြစ်လို့ “EV ကားပဲ ဝယ်ထားမှ အဆင်ပြေမယ်” ဆိုတဲ့ အားသာချက်တစ်ခု လျော့နည်းလာနိုင်ပြီး EV ကားတွေရဲ့ ဝယ်လိုအားအပေါ်လည်း သက်ရောက်မှုရှိလာနိုင်တယ်လို့ ခန့်မှန်းပြောဆိုနေကြတာပါ။
EV ကားဈေးအချို့ အနည်းငယ်ပြန်ကျလာတာကို တွေ့ရပေမယ့် ဈေးတွေ ချက်ချင်း အရင်ဈေးအတိုင်း ပြန်ကျသွားဖို့တော့ မလွယ်ကူသေးဘူးလို့ ကားဝယ်ရောင်းလုပ်ကိုင်သူအချို့က သုံးသပ်ထားပါတယ်။
EV ကားဈေးနှုန်းအပေါ်မှာလည်း စုံ/မစနစ်တစ်ခုတည်းက သက်ရောက်နေတာမဟုတ်ဘဲ တင်သွင်းမှု အခြေအနေ ဒေါ်လာငွေလဲနှုန်း အခွန်အခများ ဝယ်လိုအား၊ ရောင်းလိုအားစတဲ့ အချက်တွေအပေါ် လည်း မူတည်နေတယ်လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း EV ကားဈေးကျဆင်းတာထက် စက်သုံးဆီကားတွေကို ပုံမှန်အသုံးပြူလာနိုင်လို့ အဲဒီကားတွေရဲ့ ဝယ်လိုအား ပြန်တက်လာပြီး စက်သုံးဆီကားဈေးတွေ ထပ်မံမြင့်တက်လာနိုင်တဲ့ အခြေအနေ ရှိနိုင်တယ်လို့ ဈေးကွက်အတွင်း သုံးသပ်မှုတွေ ရှိနေပါတယ်။
လက်ရှိမှာတော့ “စုံ/မ” စနစ်ကြောင့် ဈေးတက်ခဲ့တဲ့ EV ကားတွေ ဆက်ပြီးဈေးကျမလား၊ ဒါမှမဟုတ် လက်ရှိဈေးအတိုင်း ပြန်တည်ငြိမ်သွားမလားဆိုတာကို ကားဈေးကွက်အတွင်း စောင့်ကြည့်နေရတဲ့ အခြေအနေဖြစ်ပေါ် နေပါတယ်။
#စုံ/မစနစ်ပယ်ဖျက်

