Language:

တာချီလိတ်မြို့မှာ ကားအောက်ပိုင်းရှိ ကျောက်ဇကာများ ဖြုတ်ယူအခိုးခံနေရ


တာချီလိတ်မြို့မှာ ကားအောက်ပိုင်းရှိ ကျောက်ဇကာများ ဖြုတ်ယူအခိုးခံနေရ

၁၁ စက်တင်ဘာလ ၂၀၂၆ ( Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ်(အရှေ့ ပိုင်း) တာချီလိတ်မြို့မှာ ကားအရောင်းအဝယ်ပြုလုပ်ချိန်နဲ့ ကားဝပ်ရှော့တွေမှာ ကားများပြုပြင်နေချိန်ကို အခွင့်ကောင်းယူကာ ကားပိုင်ရှင်မသိအောင် ကားအောက်ပိုင်းရှိ (ကျောက်ဇကာ)တွေကို ဖြုတ်ယူ၊ခိုးယူမှုတွေရှိနေတယ်လို့ ခိုးယူခံရတဲ့ ကားပိုင်ရှင်တွေထံက သိရပါတယ်။

အွန်လိုင်းကနေ ကားအဝယ်အရောင်းပြုလုပ်မယ်ဆိုပြီး နေရာတစ်ခုကို ချိန်းဆိုကာ ကားကိုစမ်းမောင်းရန် ယူဆောင်သွားပြီးနောက် ဝပ်ရှော့တစ်ခုမှာ ကားအောက်ပိုင်းရှိ ကျောက်ဇကာကို ဖြုတ်ယူပြီး ကားကို ဝယ်လက်မကြိုက်ဘူးဆိုကာ ကားပိုင်ရှင်ထံပြန်ပေးခဲ့ပြီးနောက် ဖြုတ်ယူခိုးခံရမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကျောက်ဇကာဟာ ကားအိတ်ဇောစနစ်အတွင်းမှာ ပါဝင်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အင်ဂျင်ကနေထွက်ရှိလာတဲ့ လေထုညစ်ညမ်းစေတဲ့ ဓာတ်ငွေ့အချို့ကို ဓာတုဗေဒတုံ့ပြန်မှုနဲ့ လျှော့ချပေးဖို့ အသုံးပြုတာဖြစ်ပါတယ်။

“ကျွန်တော်တုန်းက အဲ့လိုပဲ ကားလာယူတာ။ သူ့လူနှစ်ယောက်နဲ့ ကားတစ်စီးထားခဲ့တယ်။ သူတို့ဝယ်လက်ကို သွားပြမယ်ဆိုပြီး မောင်းသွားတာ။ နာရီဝက်ကြာတော့ ဝယ်လက် မကြိုက်ဘူးဆိုပြီး ကားပြန်လာပို့သွားတယ်။ နောက် နာရီဝက်၊ တစ်နာရီလောက် ကားမောင်းနေရင်း အင်ဂျင်မီးလင်းလာပြီး ကားဝပ်ရှော့ကို သွားပြတော့မှ ကျောက်ဇကာ အဖြုတ်ခံရမှန်းသိတာ။ ဒီကောင်တွေ လိုင်းပေါ်မတက်ခင်ကတည်းက ကျွန်တော်က ခံလိုက်ရတာ” လို့ ခိုးယူခံရတဲ့ ကားပိုင်ရှင်က အရှေ့သံလွင်သတင်းမီဒီယာဌာနကို ပြောပါတယ်။

ကားအောက်ပိုင်းမှာရှိတဲ့ ကျောက်ဇကာ ကားအရှေ့ပိုင်းက ဖြုတ်ရမြန်ပြီး လွယ်ကူတာကြောင့် ဖြုတ်ယူအခိုးခံလိုက်ရတာဖြစ်ပြီး ထိုကျောက်ဇကာနေရာမှာ ပြန်ဝယ်ထည့်မယ်ဆိုရင် ဘတ် (၁)သောင်းခန့် ကျသင့်တယ်လို့ သိရပါတယ်။

ကျောက်ဇကာများကို ကားဝပ်ရှော့တွေထံမှ လူတစ်စုက ဈေးကောင်းပေး လိုက်လံဝယ်ယူနေပြီး ကားမော်ဒယ်နဲ့ ကျောက်ဇကာ အမျိုးအစားပေါ် မူတည်ကာ အောက်စျေးနဲ့ ပြန်လည်ရောင်းချတဲ့ ဈေးနှုန်းတွေ ကွာခြားနိုင်ပြီး ခန့်မှန်းခြေအားဖြင့် အနည်းဆုံး ကျပ် (၅) သိန်းကနေ (၆) သိန်းခန့်အထိ ရှိတယ်လို့ သိရပါတယ်။

ကျောက်ဇကာအတွင်းမှာ ပျားလပို့ ပုံစံအတွင်းပိုင်း ဖွဲ့စည်းပုံရှိပြီး အချို့ အမျိုးအစားတွေမှာ ပလက်တီနမ်၊ Palladium နဲ့ ရိုဒီယမ်ကဲ့သို့ တန်ဖိုးကြီးသတ္တုတွေ ပါဝင်နိုင်တာကြောင့် အဆိုပါ ပစ္စည်းတွေကို ဖြုတ်ယူနေပြီး ပြန်လည် ရောင်းချမှုတွေ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။

တာချီလိတ်မြို့ မှာ ယခုရက်ပိုင်းအတွင်း ကျောက်ဇကာတွေ ဖြုတ်ယူအခိုးခံရမှု မကြာခဏဖြစ်နေတာကြောင့် မြို့ခံကားပိုင်ရှင်တွေအနေနဲ့ ကားအရောင်းအဝယ်ပြုလုပ်ရာနဲ့ ကားပြုပြင်ရာမှာ ဂရုစိုက်သတိထားဖို့ လိုအပ်ကြောင်း ခိုးယူခံရသူတစ်ဦးက ပြောပါတယ်။

#တာချီလိတ်မြို့

#ကားအောက်ပိုင်းကျောက်ဇကာ

#မော်တော်ယာဉ်

#ဖြုတ်ယူအခိုးခံနေရ

#ပလက်တီနမ်

#ရိုဒီယမ်

#ကျောက်ဇကာ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin