၁၀ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
တာချီလိတ် မကာဟိုခမ်းရပ်ကွက် မေဖလားဝါးကွင်းအတွင်းက ဧရာဝဏ်အနီး ပြီးခဲ့တဲ့လအတွင်း ချောင်းရေကြီးတဲ့အတွက် ပြိုကျခဲ့တဲ့မြေထိန်းနံရံကို သဲအိတ်ကာရံပြီး ပြန်လည်ပြုပြင်ထားရာ စက်တင်ဘာ(၁၀)ရက်နေ့ည (၈)နာရီခန့်မှာ ကာရံထားတဲ့ သဲအိတ်အားလုံး ပြိုကျပျက်စီးသွားတယ်လို့ သိရပါတယ်။
ချောင်းရေဝင်ရောက်မှုတားဆီးရန် ပြီးခဲ့တဲ့အပါတ်က သဲအိတ်တွေနဲ့ ကာရံထားပေမယ့် နေ့ခင်း ရေမြှင့်တက်လာမှုကြောင့် ရေစိမ့်ဝင်မှုတွေရှိခဲ့ပြီး ယခုညမှတော့ ရေထိန်းသဲအိတ်ပြိုသွားရာ ယခုလက်ရှိမှာ ရေများဝင်ရောက်လာတာဖြစ်တယ်လို့ သိရှိရပါတယ်။
တောင်ကျချောင်းရေမှာလဲ စိုးရိမ်ရေမှတ်အထက် (၈၆)စင်တင်မီတာ ကျော်လွန်နေပြီဖြစ်တဲ့အတွက် ရေထိန်းနံရံ ပြိုလဲသွားကာ ရေဝင်ရောက်မှုကြောင့် အနီးအနားမှာနေထိုင်သူတွေ နေရာရွေ့ပြောင်းထားဖို့လိုအပ်နေပြီး ဖြစ်ပါတယ်။
ယခုလက်ရှိ တာချီလိတ်မှာ မိုးရွာသွန်းမှု နည်းပါးပေမယ့် မယ်ဆိုင်ချောင်းမြစ်ဖျားခံရာ တောင်ပေါ်ဒေသမှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် ချောင်းရေမှာ စိုးရိမ်ရေမှတ်ထက် ထက်မံတက်ရောက်လာနိုင်တဲ့အခြေအနေမှာရှိနေတာပါ။
သုံးနိုင်ငံဆုံရာ ရွှေတြိဂံဒေသက မဲခေါင်မြစ်ရေရဲ့ စိုးရိမ်ရေမှတ်မှာ (၁၁.၅)မီတာရှိပြီး ယခုလက်ရှိအချိန်ထိ စိုးရိမ်ရေမှတ်အောက် (၅.၀၂)မီတာ မှာရှိနေပြီး မနေ့ကထက် (၂၉)စင်တင်မီတာ ထပ်မံမြှင့်တက်လာနေတာဖြစ်ပါတယ်။

