Language:

ရွှေတြိဂံ လာအို ကာစီနိုဇုန်အတွင်း စည်းကမ်းတင်းကြပ်တဲ့အတွက် မြန်မာအလုပ်သမားတွေ အခက်ကြုံ


ရွှေတြိဂံ လာအို ကာစီနိုဇုန်အတွင်း စည်းကမ်းတင်းကြပ်တဲ့အတွက် မြန်မာအလုပ်သမားတွေ အခက်ကြုံ

နှစ်နိုင်ငံ အလုပ်သမား MoU လိုအပ်နေ

၅ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)

ကိုရဲ

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်အတွင်း လုံခြုံရေးနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများ ပိုမိုထိရောက်စေရန်အတွက် ဝင်ထွက်သွားလာမှုများကို ပိုမိုတင်းကျပ်စွာ လုပ်ဆောင်သွားရန် ညွန်ကြားထားတာကြောင့် အထောက်အထားမပြည့်စုံသည့် မြန်မာနိုင်ငံသားများအတွက် အခက်အခဲများကြုံတွေ့နိုင်ပါတယ်။

ရွှေတြိဂံဇုန်အတွင်း ဝင်ထွက်သွားလာမှုများကို ပိုမိုတင်းကျပ်စွာကြီးကြပ်ရန်နဲ့ ဥပဒေနှင့်အညီ Concession Agreement တွေကို ပြန်လည်ပြင်ဆင်ဖို့ ရွှေတြိဂံအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်မှုများကို ပိုမိုထိရောက်လာစေအောင် မြှင့်တင်ဆောင်ရွက်ဖို့ လာအိုဝန်ကြီးချုပ်က စက်တင်ဘာ(၃)ရက်နေ့က ညွှန်ကြားထားတာ ဖြစ်ပါတယ်။

“ခုလိုမျိုးတင်းကျပ်လိုက်ရင်တော့ ပိုစိုးတာပေါ့ အရင်ထဲကကို အဖမ်းအဆီးကရှိနေတာ စာရွက်စာတမ်းမပြည့်စုံတဲ့သူဆိုရင် အခက်အခဲပိုဖြစ်လာနိုင်တယ်လို့” ရွှေတြိဂံ လာအိုစီးပွားရေးဇုန်အတွင်း အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတစ်ဦးက ပြောပါတယ်။

စီးပွားရေးဇုန်အနီးမှာ မြန်မာနိုင်ငံသားအများအပြား နေထိုင်ကြတာဖြစ်ပြီး လာအိုအစိုးရရဲ့ ထုတ်ပြန်ချက်အရ လူဦးရေ (၃)သောင်းခန့်ရှိကာ ကာစီနိုစီးပွားရေးဇုန်အတွင်း ဆောက်လုပ်ရေး၊ ကာစီနို၊ ဟိုတယ်လုပ်ငန်းနဲ့ စားသောက်ဆိုင်လုပ်ငန်း၊ ဂေါက်ကွင်းကယ်ရီ၊ သန့်ရှင်းရေးကဲ့သို့ လုပ်ငန်းမျိုးစုံမှာ ဝင်ရောက်အလုပ်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

စစ်ဆေးမှုများ ပိုမို တင်းကျပ်လာခြင်းကြောင့် လိုအပ်သည့် စာရွက်စာတမ်းများ ပြည့်စုံစွာ မရှိသူများအနေဖြင့် ဇုန်အတွင်း အလုပ်လုပ်ကိုင်ရန် အခက်အခဲနဲ့ကြုံတွေ့နေရပြီး အခြားသော လုပ်ငန်းနဲ့ ဝင်ထွက်သွားလာနေသူများအနေဖြင့် အခက်အခဲများ ကြုံတွေ့လာမှာ ဖြစ်ပါတယ်။

“အဓိက ပြသာနာက လာအိုမှာအလုပ်လုပ်တာ နှစ်နိုင်ငံ အလုပ်သမား MOU မရှိဘူး။ အဲ့ဒီတော့ အလုပ်သမား အခွင့်အရေးဆိုတာလဲ မရှိဘူး။ သူတို့ လစာမပေးလဲ ငြိမ်နေရတာဘဲ။ အုပ်ချုပ်ရေးရုံးသွားတိုင်လဲ ထိထိရောက်ရောက် လုပ်ပေးတာမရှိဘူး၊ ဥပဒေအကာအကွယ်ဆိုတာ လုံးဝမရှိတာ”လို့ ရွှေတြိဂံ လာအိုစီးပွားရေးဇုန်အတွင်း (၁၅)နှစ်ခန့် နှစ်ရှည်အလုပ်လုပ်ကိုင်နေသူ တစ်ဦးက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။

လာအိုအာဏာပိုင်နဲ့ စီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီတို့မှ မြန်မာနိုင်ငံသားတွေကို နေထိုင်ခွင့်ကဒ်၊ အလုပ်သမားကဒ်တို့ကို နှစ်စဉ် အခွန်ငွေပေးသွင်းပြီး လုပ်ကိုင်ပေးနေပေမယ့် အစိုးရရဲ့ ဖိအားကျရောက်တဲ့အခါ ဇုန်အတွင်း မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးပြီး တာချီလိတ် ပြန်ပို့တာတွေရှိသလို လာအိုအချုပ်တွင်း ဖမ်းဆီးကာ ငွေကြေးနဲ့ ပြန်လည်ရွေးခိုင်းတာတွေလဲ ရှိတယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း သြဂုတ် ၂၆ ရက်နေ့က လာအိုစီးပွားရေးဇုန်အတွင်း တရားမဝင် အထောက်အထားမရှိဘဲ အလုပ်လုပ်ကိုင်နေတယ်ဆိုကာ မြန်မာနိုင်ငံသား (၁၈၀)ခန့်ကို လာအိုအာဏာပိုင်တွေက ဖမ်းဆီးပြီး တာချီလိတ်ဘက်ကို လွဲပြောင်းပေးခဲ့ရာ ယခုအချိန်အထိ ဝမ်ပုံရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရှိရပါတယ်။

လာအိုအစိုးရအနေနဲ့ကတော့ ရွှေတြိဂံအထူးစီးပွားရေးဇုန်ကို ရေရှည်တည်တံ့တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ခရီးသွားလုပ်ငန်းတွေကို ပိုမိုတိုးတက်လာစေဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

#ကာစီနို

#အထူးစီးပွားရေးဇုန်

#အလုပ်သမား

#အထောက်အထားမဲ့

#MoU

#တာချီလိတ်

#ရွှေတြိဂံဒေသ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://www.youtube.com/@EasternThanLwinMedia

ဆက်စပ်သတင်းများ

Eastern Thanlwin