ဈေးမြေနေရာ ခေါင်းပုံဖြတ်ရောင်းချ
၅ သြဂုတ်လ ၂၀၂၆ ( Eastern ThanLwin)
စွန်ရဲ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဝမ်ကောင်းစျေးအနီး ကိုးမြို့ရှင်နတ်နန်းရှေ့မှာ စျေးရောင်းနေတဲ့ စျေးသည်တွေကို စက်တင်ဘာ (၄) ရက် နံနက်ပိုင်းက တာချီလိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီက ရှင်းလင်းဖယ်ရှားခဲ့ပြီး စျေးရောင်းချခွင့် မပေးတော့ဘူးလို့ စျေးသည်တွေထံက သိရပါတယ်။
ယခင်က ထိုနေရာမှာ တာချီလိတ်မြို့နယ်စည်ပင်မှ တရားဝင်ရောင်းချထားခွင့်မပြုထားပဲ၊ စျေးသည်များက နေရာဝင်ယူပြီး စျေးခွန်နှင့် အမှိုက်ခွန်များပေးဆောင်ကာ စျေးရောင်းချနေကြတာဖြစ်ပါတယ်။
“ အစ်မတို့က ရိုးရိုးသားသားစျေးရောင်းစားကြတာပါ။ တစ်နေ့ လုပ်မှ တစ်နေ့စားရတာ။ အခုလို စျေးရောင်းခွင့် မပေးတော့ ဒုက္ခရောက်တယ် “ လို့ စျေးရောင်းချနေသူ အမျိုးသမီးတစ်ဦးက အရှေ့သံလွင် သတင်းမီဒီယာကို ပြောပါတယ်။
ကိုးမြို့ရှင်နတ်နန်းရှေ့မှာ စျေးရောင်းချရန်အတွက် (၇) ပေပတ်လည်ရှိ နေရာတစ်နေရာအတွက် လူသစ်စျေးသည်များက “အားဖန်” အမျိုးသားကို ဘတ် (၁) သောင်းပေးပြီး နေရာကို ပြန်ဝယ်ထားကာ လစဉ်ကြေးလဲ ပေးရတယ်လို့ သိရှိရပြီး အခုလို ပြန်လည်ဝယ်ယူထားတဲ့ စျေးသည်ပေါင်း (၉) ဦးရှိတယ်လို့ စျေးသည်တွေက ပြောပါတယ်။
“အားဖန်လို့တော့ ခေါ်တာဘဲ သူက ဘာလဲတော့မသိဘူး၊ စည်ပင်နဲ့သိတယ်ဆိုလား၊ ကန်ထရိုက်လာတော့မသိဘူး မြေနေရာပြန်ရောင်းတာ တစ်ယောက်ကို(၁)သောင်းနဲ့ဝယ်တဲ့သူတွေလဲရှိတယ်”လို့ ဈေးရောင်းရန်နေရာ ရောင်းချတာနဲ့ပါတ်သတ်ပြီး ဈေးရောင်းသူ ဈေးသည်တစ်ဦးက ပြောပါတယ်။
တာချီလိတ်မြို့ပေါ်မှာရှိတဲ့ အချို့သော ဈေးဧရိယာမဟုတ်ဘဲ ကျူးကျော်ဈေးရောင်းတဲ့ နေရာတွေမှာ ယခင် ဈေးရောင်းချခဲ့သူတွေက ဈေးသည်အသစ်တွေကို နေရာပြန်လည်ရောင်းချတာတွေရှိသလို ဈေးကောက်ကန်ထရိုက်နဲ့ ပွဲစားတွေက ဈေးကျူးကျော်မြေတွေကို အဆင့်ဆင့် ပြန်လည်ရောင်းချတာတွေရှိတယ်လို့ အရှေ့သံလွင်သတင်းဌာနက စုံစမ်းသိရှိရပါတယ်။
ဝမ်းကောင်းစျေးအတွင်း စျေးရောင်းချမဲ့ နေရာမရှိတော့တဲ့အတွက် ကိုးမြို့ရှင်နတ်နန်းရှေ့မှာ စျေးလာရောက် ရောင်းချသည့် စျေးသည် အယောက် (၂၀) ကျော်ခန့်ရှိပြီး အများစုဟာ ဟင်းအသီး၊ ဟင်းရွက်၊ အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများ၊ ထမင်းကြော်၊ ကွမ်းယာများကို ရောင်းချနေတာဖြစ်ပါတယ်။
မဟာမြတ်မုနိ ဘုန်းကြီးကျောင်း အနောက်ဘက် နှင့် ကိုးမြို့ရှင်နတ်နန်းရှေ့ လမ်းပေါ်မှာ စျေးသည်များ လမ်းဧရိယာအတွင်း ကျူးကျော်စျေးရောင်းချနေတာကြောင့် လမ်း မကြာခန ပိတ်သွားဆို့ပြီး သွားလာရေး ကြန့်ကြာနေတာတွေ ရှိနေတာပါ။

