၄ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)
NPW ၊ စွန်ရဲ
“ဝ” တပ်ဖွဲ့ရဲ့ စစ်ဒေသ(၁၇၁) မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က မြန်မာ-ထိုင်း BP1 နယ်စပ်မျဉ်းမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို စက်တင်ဘာ (၄) ရက်နေ့က သက်ဆိုင်ရာကို လွှဲပြောင်းပေးခဲ့တယ်လို့ UWSA ရဲ့ ပြောခွင့်ရှိသူ ဦးညီရန်းက ၎င်းရဲ့ ဆိုရှယ်မီဒီယာမှာ ဖော်ပြထားပါတယ်။
အဆိုပါ မူးယစ်ဆေးဝါးတွေကို သြဂုတ် (၂၈) ရက်နေ့က ပုံပါကျင်မြို့ BP-(1)စခန်းနဲ့ မာစံဖော”ဝ”စခန်းကြားနေရာမှာ သံသယရှိ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းတစ်ဂိုဏ်းက လူ(၁၅) ဦးခန့်ဝင်ရောက်လာလို့ စစ်ဆေးဖို့ ရပ်တန့်ရန် အမိန့်ပေးခဲ့ပေမယ့်လည်း မူးယစ်ဆေးဝါးများကိုစွန့်ပစ်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားကြတာကြောင့် မက်သာဖက်တမင်း ၁၁ ထုပ် (ဆေးပြား ၂,၇၈၂,၀၀၀) ကို သိမ်းဆည်းရမိတာဖြစ်တယ်လို့ သိရပါတယ်။
“ဝ”တပ်ဖွဲ့က မြန်မာအာဏာပိုင်များထံ မူးယစ်ဆေးဝါးများ လွှဲပြောင်းတာအပြင် တရားခံပြေးများကိုလည်း လွှဲပြောင်းရန် အစီအစဥ် ရှိ/မရှိ နဲ့ပတ်သက်ပြီး အထက်ကို မေးကြည့်ရအုံးမယ်လို့ UWSA က ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက အရှေ့သံလွင်မီဒီယာကိုပြောပါတယ်။
သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို ခလရ(၆၅)ယာယီတပ်ရင်မှုးက လက်ခံရယူပြီး မူးယစ်ဆေးဝါးနဲ့ ဓာတုပစ္စည်းတွေဖြစ်တဲ့ မက်သာဖက်တမင်းနဲ့ စိတ်ကြွရှုးသွပ်ဆေးပြား စုစုပေါင်း ကျပ်(၁.၃၉၁)ဘီလီယံ တန်ဖိုးရှိတယ်လို့လည်း သိရပါတယ်။
ထွက်ပြေးသွားတဲ့ မူးယစ်ဆေးဝါးမှောင်ခိုသမားတွေကို ဖမ်းဆီးဖို့ သဲလွန်စတွေစုဆောင်းပြီး BP1 နယ်စပ်တစ်လျှောက်မှာ ရှာဖွေတာတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
အခုလို လွဲပြောင်းတာနဲ့ပါတ်သတ်ပြီး “ဝ”တပ်ဖွဲ့ သက်ဆိုင်ရာအာဏာပိုင်ကို လွှဲပြောင်းတဲ့ အကြိမ်အရေ (၂၆)ကြိမ်မြောက် လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပြီး အချို့သော ဖမ်းဆီးရရှိမှုတွေကို “ဝ”တပ်ဖွဲ့ရဲ့ စစ်ဒေသ(၁၇၁) အပိုင်နယ်မြေထဲက ဟွေအောဘက်မှာ နှစ်စဉ် မူးယစ်ဆန့်ကျင်ရေးနေ့တွေမှာ မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်တယ်လို့ သိရှိရပါတယ်။

