၄ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ရွှေတြိဂံဒေသ သုံးနိုင်ငံ နယ်စပ်မျဉ်းပေါ်က ထိုင်းနိုင်ငံ ချင်းဆန်းမြို့နယ်အတွင်း အမျိုးသား(၂)ဦးသယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ခန့်မှန်း (၂.၈) သန်း ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ (၃) ရက်ထုတ်ပြန်ထားပါတယ်။
ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မယ်ဆိုင်မြို့ကနေ လန်းပန်းမြို့ကိုသွားရောက်ပို့ဆောင်ဖို့အတွက် ချင်းဆဲန့်မြို့ကို ဖြတ်သန်းသွားတဲ့ ချင်းမိုင်လိုင်စင်နံပါတ်ပါ ကားပေါ်မှာ စိတ်ကြွဆေးပြားတွေ ထည့်သွင်းသယ်ဆောင်လာတဲ့ ဆာလာအိတ်(၁၄)အိတ်နဲ့အတူ တရားခံ(၂)ဦးကို ဖမ်းဆီးရမိတာလို့ သိရပါတယ်။
ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက်အရ မူးယစ်ဆေးသယ်ဆောင်တဲ့အဖွဲ့ဟာ GPS လမ်းညွှန်စနစ်ကို အသုံးပြုပြီး ရဲစစ်ဆေးရေးဂိတ်တွေကို ရှောင်နိုင်ဖို့ လမ်းမကြီးတွေကို မသုံးဘဲ ကျေးရွာချင်းဆက် လမ်းငယ်တွေကနေ ချင်းဆန်းနဲ့ မယ်ကျန်မြို့နယ် နယ်စပ်ဘက်ကို မောင်းနှင်လာခဲ့တာလို့ သိရပါတယ်။
ဒီအဖွဲ့နဲ့အတူ လမ်းကြောင်းရှင်းပေးတဲ့ ကားတစ်စီးလည်း ပါဝင်ခဲ့ပြီး၊ နောက်ပိုင်း မယ်ကျန်မြို့နယ်အတွင်းမှာ အသက် (၃၈) နှစ်အရွယ် ယာဉ်မောင်းတစ်ဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ အမျိုးသားနှစ်ဦးစလုံးကတော့ အမည်မဖော်ပြထားတဲ့ လူတစ်ဦးရဲ့ ငှားရမ်းစေခိုင်းမှုနဲ့ မူးယစ်ဆေးတွေကို သယ်ဆောင်လာတာဖြစ်ပြီး၊ လမ်ပန်းခရိုင်မှာ သွားရောက်လွှဲပြောင်းပေးဖို့ စီစဉ်ထားခဲ့တယ်လို့ ဝန်ခံထွက်ဆိုထားပါတယ်။
လက်ရှိမှာတော့ ဒီစိတ်ကြွဆေးတွေကို မယ်ဆိုင်နယ်စပ်ကနေ ထိုင်းနိုင်ငံအတွင်းပိုင်းအထိ သယ်ဆောင်နေတဲ့ ကွန်ရက်နဲ့ ဆက်စပ်မှု ရှိ၊ မရှိကို ထိုင်းရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။
ဒီဖမ်းဆီးမှုကို ထိုင်းရဲတပ်ဖွဲ့ ဒေသ (၅) စုံစမ်းရေးတပ်ဖွဲ့၊ ချင်းရိုင်ခရိုင်စုံစမ်းရေးတပ်ဖွဲ့၊ ချင်းဆန်း၊ မယ်ဆိုင်နဲ့ မယ်ကျန်ရဲစခန်းတွေ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့အပြင် ဒေသအုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

