၄ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ထိုင်းနိုင်ငံ ပတ္တယားမြို့မှာ အမေရိကန် ရေတပ် USS Abraham Lincoln လေယာဉ်တင်သင်္ဘောအုပ်စုက ရေတပ်သားတွေ အနားယူခွင့်ရပြီး ဒုတိယနေ့မှာ မြို့အနှံ့ လည်ပတ်မှုတွေ စတင်လုပ်ဆောင် နေကြပါတယ်။
USS Abraham Lincoln လေယာဉ်တင်သင်္ဘောအုပ်စုဟာ စက်တင်ဘာ (၂) ရက်နေ့က ချွန်ဘူရီပြည်နယ် လမ်ချဘန်းဆိပ်ကမ်းကို ရောက်ရှိခဲ့ပြီး ရေတပ်သားနဲ့ အရာထမ်း စုစုပေါင်း (၅,၀၀၀) ခန့် ကို (၅) ရက်တာ အနားယူ အပန်းဖြေခရီး အဖြစ် ပတ္တယားမြို့ကို ခွင့်ပြုထားတာ ဖြစ်ပါတယ်။
ရေတပ်သားတွေဟာ ဗုဒ္ဓဟူးနေ့ညကတည်းက နာမည်ကျော် Walking Street ကို သွားရောက်လည်ပတ်ပြီး ပတ္တယားရဲ့ ညဘဝအငွေ့အသက်ကို စတင်ခံစားခဲ့ကြပါတယ်။
လက်ရှိအချိန်ထိ လုံခြုံရေးဆိုင်ရာ ထူးခြားဖြစ်စဉ် တစ်စုံတစ်ရာ မရှိသေးဘူးလို့ ပတ္တယားမြို့တော်ဝန် ပိုရာမက် ငမ်ပီချက်က ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာလည်း လမ်ချဘန်းဆိပ်ကမ်းကနေ ပတ္တယားကို ဘတ်စ်ကားတွေနဲ့ ရေတပ်သားတွေ ဆက်တိုက် ရောက်ရှိနေပြီး အချို့ကတော့ (၃) ရက်ကနေ (၄) ရက်အထိ ကိုယ်ပိုင် ဘတ်စ်ကားနဲ့ တက္ကစီတွေကို ငှားရမ်းထားကြပါတယ်။
ဒေသခံ သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်တွေကတော့ အမေရိကန်ရေတပ်သားတွေ ရောက်လာတာကြောင့် လုပ်ငန်းအော်ဒါတွေ တိုးလာပြီး ဝင်ငွေကောင်းလာတယ်လို့ ပြောဆိုနေကြပါတယ်။
ပတ္တယား စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းအသင်း ဥက္ကဋ္ဌ ချူတီမာ ဂျီရာမွန်ကွန်ကလည်း အခုလို ရေတပ်သားတွေ လာရောက်တာဟာ ခရီးသွားရာသီမဟုတ်တဲ့ ကာလမှာ ဟိုတယ်နဲ့ ဒေသစီးပွားရေးကို အထောက်အကူ ဖြစ်စေမယ်လို့ မျှော်လင့်ထားပါတယ်။
ရေတပ်သားအချို့ကတော့ ပတ္တယားကို ရောက်ရင် လုပ်ချင်တာ သုံးခုသာ ရှိတယ်လို့ ပြောကြပြီး “အစားကောင်းကောင်းစားမယ်၊ အိပ်မယ်၊ ရေချိုးမယ်” လို့ AFP သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။
နယူးဂျာစီပြည်နယ်က အမေရိကန်အမျိုးသမီး Shakeira Fairfax ကတော့ Lincoln သင်္ဘောပေါ်မှာ ကိုးလကျော် တာဝန်ထမ်းဆောင်နေတဲ့ အသက် (၂၅) နှစ်အရွယ် သမီးဖြစ်သူ Jada ကို လာရောက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ သမီးဖြစ်သူရဲ့ ပတ္တယားရောက်ပြီး ပထမဆုံး လုပ်ချင်တဲ့အရာတွေကတော့ လက်သည်းပြင်မယ်၊ ခြေသည်းပြင်မယ်၊ မက်ဆေ့ချ်ယူမယ် ဆိုတာပဲ ဖြစ်တယ်လို့ ပြောပါတယ်။
USS Abraham Lincoln သင်္ဘောဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာ (၂၁) ရက် က အမေရိကန်နိုင်ငံ San Diego ဆိပ်ကမ်းကနေ အရှေ့အလယ်ပိုင်းဒေသ တာဝန်ထမ်းဆောင်ဖို့ ထွက်ခွာခဲ့ပြီး မူလ ခြောက်လတာ တာဝန်ကို ကိုးလကျော်အထိ တိုးမြှင့်ထမ်းဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ ပတ္တယားကနေ တနင်္ဂနွေနေ့ ပြန်လည်ထွက်ခွာပြီး San Diego ကို ဦးတည်ရွက်လွှင့်သွားမယ်လို့ သိရပါတယ်။
ပတ္တယားမြို့တော်ဝန်ရဲ့ ခန့်မှန်းချက်အရ အမေရိကန်ရေတပ်သားတွေဟာ ပတ္တယားမှာ နေထိုင်တဲ့ (၅) ရက်အတွင်း ဘတ်သန်း (၁၀၀) ခန့် သုံးစွဲနိုင်ပြီး ဒါဟာ ခရီးသွားရာသီမဟုတ်တဲ့ ကာလအတွင်း မြို့ရဲ့ စီးပွားရေးကို အားဖြည့်ပေးမယ့် အခွင့်အလမ်းတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

