၄ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
လာအိုနိုင်ငံရဲ့ မဲခေါင်မြစ်ကမ်းပါးက ရွှေတြိဂံအထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှုတွေဟာ အမေရိကန်ဒေါ်လာ (၁၀) ဘီလီယံခန့်အထိ ရှိလာနေပြီဖြစ်တာကြောင့် ဇုန်အတွင်း စီမံခန့်ခွဲမှုနဲ့ ကြီးကြပ်မှုတွေကို ပိုမိုတင်းကျပ်ဖို့ လာအိုဝန်ကြီးချုပ် ဆုန်ဆိုင် ဆီဖန်ဒုန်းက တိုက်တွန်းထားပါတယ်။
ဝန်ကြီးချုပ် ဆုန်ဆိုင် ဆီဖန်ဒုန်းဟာ စက်တင်ဘာ (၁) ရက်နေ့က ဘိုကီယိုပြည်နယ်၊ တုံဖွန်းခရိုင်အတွင်းရှိ မဲခေါင်မြစ်ကမ်းပါးပေါ်က ရွှေတြိဂံအထူးစီးပွားရေးဇုန်ကို သွားရောက်စစ်ဆေးခဲ့ပြီး ဇုန်ရဲ့ စီမံခန့်ခွဲမှု၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို လမ်းညွှန်မှာကြားခဲ့တာ ဖြစ်ပါတယ်။
ရွှေတြိဂံအထူးစီးပွားရေးဇုန်ကို ၂၀၀၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး စုစုပေါင်း ဧရိယာ ဟက်တာ (၁၀,၀၀၀) ကျယ်ဝန်းဝန်းပြီး စတုရန်းမိုင်နဲ့တွက်ရင် (၃၈)မိုင်ကျော် ကျယ်ဝန်းပါတယ်။ အဲဒီ စီးပွားရေးဇုန်ထဲက ဟက်တာ (၃,၀၀၀) ကိုတော့ စီးပွားရေးလုပ်ငန်းတွေအတွက် သတ်မှတ်ထားပြီး ဟက်တာ (၇,၀၀၀) ကိုတော့ သစ်တောဧရိယာအဖြစ် ထားရှိထားပါတယ်။
လွန်ခဲ့တဲ့ (၁၉) နှစ်အတွင်း ဇုန်အတွင်းမှာ စက်မှုထုတ်လုပ်ရေး၊ အိမ်ခြံမြေ၊ အိမ်ရာ၊ ဟိုတယ်နဲ့ အပန်းဖြေဝန်ဆောင်မှု၊ ကုန်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းနဲ့ အခြားဝန်ဆောင်မှုလုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်လာခဲ့ပါတယ်။
ဒါပေမယ့် လက်ရှိအချိန်အထိ စာချုပ်တွေမှာ သတ်မှတ်ထားတဲ့ လုပ်ငန်းအစီအစဉ်တွေရဲ့ (၆၀) ရာခိုင်နှုန်းလောက်သာ အကောင်အထည်ဖော်နိုင်သေးတာကြောင့် စီမံခန့်ခွဲမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ပိုမိုထိရောက်အောင် ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ လာအိုဝန်ကြီးချုပ်က ပြောဆိုသွားပါတယ်။
ဝန်ကြီးချုပ်က ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုတွေကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပြီး One-Stop Service စနစ်ကို ထိရောက်စွာ အသုံးချဖို့လည်း ညွှန်ကြားခဲ့ပါတယ်။
ဒါ့အပြင် ရေရှည်စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုနိုင်မယ့် ကဏ္ဍတွေဖြစ်တဲ့ ခရီးသွားလုပ်ငန်း၊ စက်မှုထုတ်လုပ်ရေးနဲ့ ကုန်ထုတ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ ပညာရေးနဲ့ ပြည်သူ့ကျန်းမာရေးကဏ္ဍတွေကို ပိုမိုအာရုံစိုက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
အထူးသဖြင့် လုပ်ငန်းဥပဒေတွေကို တင်းတင်းကျပ်ကျပ် လိုက်နာစေဖို့နဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လုပ်ခလစာနဲ့ ဝန်ဆောင်မှုဆိုင်ရာ ငွေပေးချေမှုတွေအားလုံးကို လာအိုနိုင်ငံရဲ့ ဘဏ်စနစ်ကနေတစ်ဆင့် ဆောင်ရွက်ဖို့ ဝန်ကြီးချုပ်က ညွှန်ကြားထားပါတယ်။
ဇုန်အတွင်း ဝင်ထွက်သွားလာမှုတွေကိုလည်း ပိုမိုတင်းကျပ်စွာ ကြီးကြပ်ဖို့၊ ဥပဒေနဲ့အညီ Concession Agreement တွေကို ပြန်လည်ပြင်ဆင်ဖို့နဲ့ ရွှေတြိဂံအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ ပိုမိုထိရောက်လာအောင် မြှင့်တင်ဖို့ ညွှန်ကြားခဲ့ပါတယ်။
တစ်ဖက်မှာလည်း အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးမြှင့်ဖို့၊ လေကြောင်းခရီးစဉ်တွေ တိုးချဲ့ပြေးဆွဲနိုင်ရေး ဆောင်ရွက်ဖို့နဲ့ အိမ်နီးချင်းနိုင်ငံတွေက ဝင်ရောက်လာတဲ့ အလုပ်သမားတွေကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မယ့် စနစ်တွေ ဖော်ဆောင်ဖို့လည်း တိုက်တွန်းခဲ့တယ်လို့ သိရှိရပါတယ်။
ရွှေတြိဂံအထူးစီးပွားရေးဇုန်မှာ လက်ရှိ မှတ်ပုံတင်ထားတဲ့ အလုပ်သမားဦးရေ (၁၀,၀၀၀) ကျော်ရှိပြီး ရင်းနှီးမြှုပ်နှံသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ နေထိုင်သူတွေနဲ့ ခရီးသွားတွေ အပါအဝင် လူဦးရေ (၁၀,၀၀၀) ကျော်လည်း ရှိနေတာ ဖြစ်ပါတယ်။
အဲဒီအပြင် အစိုးရဌာနအသီးသီးက အရာရှိနဲ့ ဝန်ထမ်း (၄၀၀) ကျော်လည်း ဇုန်အတွင်းမှာ တာဝန်ထမ်းဆောင်နေတယ်လို့ လာအိုဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရွှေတြိဂံအထူးစီးပွားရေးဇုန်ဟာ လာအို၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ နယ်စပ်ချင်းဆုံရာ ရွှေတြိဂံဒေသအတွင်း မဲခေါင်မြစ်ကမ်းဘေးမှာ တည်ရှိပြီး တရုတ်နိုင်ငံနယ်စပ်နဲ့လည်း နီးကပ်တဲ့ နေရာမှာ တည်ရှိတာဖြစ်ပါတယ်။
အခုလို မဟာဗျူဟာကျတဲ့ တည်နေရာကြောင့် အိမ်နီးချင်းနိုင်ငံတွေရဲ့ စားသုံးသူဈေးကွက်နဲ့ လုပ်သားဈေးကွက်တွေကို ချိတ်ဆက်နိုင်တဲ့ အားသာချက်ရှိပြီး ရင်းနှီးမြှုပ်နှံသူတွေအတွက် အရေးပါတဲ့ စီးပွားရေးအချက်အချာနေရာတစ်ခုအဖြစ် ရှိနေပါတယ်။
ရွှေတြိဂံ အထူးစီးပွားရေးဇုန်ကို ၂၀၀၇ ခုနှစ်က လာအိုအစိုးရနဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင် Zhao Wei ပိုင်ဆိုင်သော Kings Romans Group တို့အကြား နှစ် (၉၉) နှစ် ရေရှည်ငှားရမ်းခွင့် စာချုပ်ဖြင့် စတင်တည်ထောင်ခဲ့တာဖြစ်ပြီး စီးပွားရေး ဇုန် စတင်တည်ထောင်ချိန်ကတည်းက မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတွေ တာချီလိတ်ဘက်ကနေ သွားရောက်ပြီး ဆောက်လုပ်ရေးလုပ်ငန်း၊ ကာစီနိုလုပ်ငန်း၊ စားသောက်ဆိုင်နဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကို ဝင်ရောက်လုပ်ကိုင်နေတာဖြစ်ပါတယ်။
စီးပွားရေးဇုန်အနီး မြန်မာနိုင်ငံသားတွေ နေထိုင်ဖို့ ဝါးထရံမိုး သွပ်ကာ (၁၀)ပေ ပေ(၂၀) ကျယ်တန်းတဲ့ ယာယီ နေအိမ်တွေဆောက်လုပ်နေထိုင်ပြီး ရခိုင်ရွာအဖြစ်အမည်တွင်ကာ မြန်မာ အလုပ်သမားပေါင်း သောင်းနဲ့ ချီ နေထိုင်ကာ လုပ်ငန်းမျိုးစုံမှာ ဝင်ရောက်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အဓိက အခက်အခဲက မြန်မာ-လာအို နှစ်နိုင်ငံ အလုပ်သမားသဘောတူ စာချုပ်မရှိတဲ့အတွက် လာအိုနိုင်ငံအတွင်း တရားမဝင် အလုပ်သမားတွေ အဖြစ်သာ နှစ်ပေါင်း (၁၉)နှစ်ကြာ နေထိုင်လုပ်ကိုင်နေရတာဖြစ်ပါတယ်။
လာအိုအစိုးရအနေနဲ့တော့ ရွှေတြိဂံအထူးစီးပွားရေးဇုန်ကို ရေရှည်တည်တံ့တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ခရီးသွားလုပ်ငန်းတွေ ပိုမိုတိုးတက်လာစေမယ့် ဇုန်တစ်ခုအဖြစ် ဖော်ဆောင်ဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ သိရှိရပါတယ်။

