Language:

ထိုင်းက မြန်မာဘက်မှ ထောပတ်သီးတင်သွင်းမှု ရပ်ဆိုင်းလိုက်ရာ တောင်သူတွေအနေနဲ့ ပြည်တွင်းဈေးကွက်ကိုသာ အားကိုးနေရ


ထိုင်းက မြန်မာဘက်မှ ထောပတ်သီးတင်သွင်းမှု ရပ်ဆိုင်းလိုက်ရာ တောင်သူတွေအနေနဲ့ ပြည်တွင်းဈေးကွက်ကိုသာ အားကိုးနေရ

၄ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)

ဇင်ကြီး

ထိုင်းအာဏာပိုင်တွေက စားသုံးသူ ဘေးကင်းလုံခြုံရေးအတွက် မြန်မာနိုင်ငံရဲ့ ထောပတ်သီးတင်ပို့မှု ရပ်ဆိုင်းလိုက်သဖြင့် မြန်မာ့ထောပတ်သီးစိုက် တောင်သူတွေအနေနဲ့ ပြည်တွင်းဈေးကွက်ကိုသာ အားကိုးနေရတယ်လို့ မြန်မာ့ထောပတ်သီးစိုက် တောင်သူတွေထံက သိရပါတယ်။

ယခင်က မြန်မာထောပတ်သီးထွက်ကုန်ရဲ့ ၈၀ ရာခိုင်နှုန်းခန့်ကို ဝယ်လက်ကြီးဖြစ်တဲ့ ထိုင်းနိုင်ငံကို တင်ပို့နေရတာ ဖြစ်ပါတယ်။

လက်ရှိ ထိုင်းအာဏာပိုင်တွေက စားသုံးသူ ဘေးကင်းလုံခြုံရေးအတွက်ဆိုပြီး အစားအသောက်ဘေးကင်းရေး စည်မျဥ်းတွေ ပိုမိုတင်းကျပ်စွာ ကျင့်သုံးရန်နဲ့ ထိုင်းနိုင်ငံအတွင်း အသုံးပြုမယ့် အမျိုးသားအဆင့် အရည်အသွေး စံနှုန်းများ သတ်မှတ်ကာ မြန်မာ၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတို့ကနေ ထောပတ်သီးတင်သွင်းမှုကို ရပ်ဆိုင်းလိုက်တာလို့ သိရပါတယ်။

လက်ရှိ ၂၀၂၆ – ၂၀၂၇ ရိတ်သိမ်းရာသီစတင်နေပြီ ဖြစ်သော်လည်း ထိုင်းနိုင်ငံကို တင်ပို့ခွင့် မရတော့သည့်အတွက် ထောပတ်သီး တန်ချိန် ၁၅၀၀၀ ကျော်ကနေ ၂၀,၀၀၀ ခန့်က ဈေးကွက်အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

“လက်ရှိတော့ ထောပတ်သီးဈေးနှုန်းက ၅၀ ရာခိုင်နှုန်းကျနေပါတယ်။ အခုက ပြည်တွင်းဈေးကွက်ကို အားထားသွားနေရတာပေါ့။ “လို့ ရှမ်းပြည်နယ် ကုန်သွယ်ရေး စင်တာ SSTC မှ တာဝန်ရှိသူ ဦးစနေမောင်မောင်က အရှေ့သံလွင် သတင်းဌာနကို ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ထောပတ်သီးတွေကို ပို့ကုန်လိုင်စင်နဲ့ အကောက်ခွန်ဌာနကို ဖြတ်ပြီး တရားဝင် ပို့ဆောင်ကြပေမယ့် ထိုင်းဘက်မှာတော့ တရားဝင်တင်ပို့ခွင့် အပြည့်အဝရရှိထားတာ မရှိလို့ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကနေ ထောပတ်သီးများကို တင်ပို့ရောင်းချနေရတာပဲဖြစ်ပါတယ်။

“သူတို့အနေနဲ့လည်း သူတို့ နိုင်ငံတောင်သူတွေကို ဦးစားပေးတဲ့ သဘောနဲ့ ပိတ်တာဖြစ်မှာပါ။ အခြားနိုင်ငံတွေကို တင်ပို့ရောင်းချဖို့အတွက် ဈေးကွက် ရှာဖွေနေပါတယ်။ “လို့ ဦးစနေမောင်မောင်က ဆက်ပြောပါတယ်။

MAVO ရဲ့ ပြောထားချက်အရ မြန်မာထောပတ်သီးတွေကို ဈေးကွက်သစ်ဖြစ်တဲ့ အခြားနိုင်ငံတွေကို တင်ပို့ရောင်းချဖို့အတွက် ဈေးကွက်များ ရှာဖွေနေပြီး တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့်ရရှိရေး ကြိုးပမ်းနေတယ်လို့လည်း သိရပါတယ်။

#ထိုင်းနိုင်ငံ

#ထောပတ်သီး

#စီးပွားရေး

#ဈေးကွက်စီးပွားရေး

#တောင်သူတွေ

#ပြည်တွင်းဈေးကွက်ကိုအားကိုးနေရ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin