၃၀ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ထိုင်းနိုင်ငံ ချင်းရိုင်မြို့မှာ နာမည်ကျော်တဲ့ ကွမ်ယင်မယ်တော်ကျောင်း Wat Huay Pla Kang ဘုရားကျောင်းအတွင်း ဖွင့်လှစ်ထားတဲ့ အခမဲ့ဆေးရုံဟာ ဘဏ္ဍာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပေမယ့် အခု ဩဂုတ်လအထိ ဆေးရုံလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
ဒီဆေးရုံဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ အလှူငွေဝင်ရောက်မှုတွေ လျော့နည်းလာတာကြောင့် ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
အဲဒီအချိန်က ဆေးရုံရဲ့ လည်ပတ်ရန်ပုံငွေဟာ နှစ်လစာခန့်ပဲ ကျန်တော့တယ်လို့ ဆေးရုံဘက်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါကြောင့် ဆေးဝါးတွေ၊ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ ဝယ်ယူဖို့နဲ့ ဆရာဝန်၊ သူနာပြုတွေအပါအဝင် ဝန်ထမ်းတွေရဲ့ လစာနဲ့ လုပ်ငန်းလည်ပတ်စရိတ်တွေကို ဆက်လက်ပေးနိုင်ဖို့ အများပြည်သူထံက အလှူငွေတွေ တောင်းခံခဲ့ရပါတယ်။
Wat Huay Pla Kang for Society Hospital ဟာ ဆင်းရဲနွမ်းပါးသူတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီသူတွေကို အခမဲ့ကုသပေးနေတဲ့ ဆေးရုံတစ်ခုဖြစ်ပါတယ်။
တစ်ရက်ကို လူနာပျမ်းမျှ ၃၀၀ လောက်အထိ ကုသပေးနေရပြီး ဆရာဝန်၊ သူနာပြုနဲ့ အခြားဝန်ထမ်း စုစုပေါင်း (၆၀) လောက်နဲ့ လည်ပတ်နေတာပါ။
ဆေးဝါး၊ ဓာတ်ခွဲစမ်းသပ်မှုနဲ့ ဝန်ထမ်းစရိတ်တွေအပါအဝင် ဆေးရုံရဲ့ လစဉ်လည်ပတ်စရိတ်ကလည်း ထိုင်းဘတ်ငွေ (၆) သန်းကျော်အထိ ရှိနေပါတယ်။
ဒါပေမယ့် အခု ဩဂုတ်လအတွင်း ရရှိလာတဲ့ သတင်းတွေအရတော့ ဆေးရုံဟာ ပိတ်သိမ်းသွားတာမရှိဘဲ အခမဲ့ကျန်းမာရေးဝန်ဆောင်မှုတွေကို ဆက်လက်ပေးနေဆဲဖြစ်ပါတယ်။
ဩဂုတ်လ (၂၅)ရက်နေ့မှာလည်း ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးခရီးသွားလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းတစ်ခုက ဆေးရုံအတွက် ထိုင်းဘတ် (၁၅၀,၀၀၀) လှူဒါန်းခဲ့ပါတယ်။
အဲဒီအပြင် ဩဂုတ်လ (၂၈) ရက်နေ့မှာ ချင်းရိုင်ခရိုင်အာဏာပိုင်တွေ၊ Chula VELA နဲ့ Wat Huay Pla Kang for Society Hospital တို့ ပူးပေါင်းပြီး အထူးကုဆရာဝန်တွေနဲ့ အခမဲ့ကျန်းမာရေးစစ်ဆေးကုသပေးတဲ့ အစီအစဉ်တစ်ခုကိုလည်း ပြုလုပ်ခဲ့ပါတယ်။
ဒါကြောင့် လက်ရှိအချိန်မှာ ဆေးရုံဟာ ဆက်လက်လည်ပတ်နေဆဲဖြစ်ပြီး အလှူရှင်တွေနဲ့ ပြင်ပအဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုတွေလည်း ဆက်လက်ရရှိနေတယ်လို့ ဆိုနိုင်ပါတယ်။
ဒါပေမယ့် ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဘဏ္ဍာရေးအကျပ်အတည်းဟာ ရေရှည်အတွက် လုံးဝပြေလည်သွားပြီလို့တော့ ပြောလို့မရသေးပါဘူး။
အထူးသဖြင့် တစ်လကို ဘတ် (၆) သန်းကျော် လိုအပ်နေတဲ့ အခမဲ့ဆေးရုံအတွက် ပုံမှန်အလှူငွေတွေနဲ့ ရေရှည်ဘဏ္ဍာရေးအထောက်အပံ့တွေ ဆက်လက်ရရှိဖို့က အရေးကြီးနေဆဲ ဖြစ်ပါတယ်။
ဇွန်လအတွင်းမှာ ပိတ်သိမ်းရနိုင်တဲ့အထိ ဘဏ္ဍာရေးဖိအားနဲ့ ရင်ဆိုင်ခဲ့ရတဲ့ Wat Huay Pla Kang အခမဲ့ဆေးရုံဟာ အလှူရှင်တွေနဲ့ အဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုတွေကြောင့် ဩဂုတ်လအထိ ဆေးရုံလုပ်ငန်းတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
Wat Huay Pla Kang ဘုရားကျောင်းကတော့ ချင်းရိုင်မြို့ရဲ့ နာမည်ကျော် ဘာသာရေးနဲ့ ခရီးသွားအထင်ကရနေရာတစ်ခုဖြစ်ပါတယ်။
အမြင့် ၇၉ မီတာရှိတဲ့ ကွမ်ယင်မယ်တော်ရုပ်ပွားတော်ကြီး၊ အဆင့် ၉ ဆင့်ပါ Phop Chok Dhamma Chedi စေတီနဲ့ အဖြူရောင် Ubosot သိမ်တော်တို့ကြောင့်လည်း ခရီးသွားတွေကြားမှာ အထူးလူသိများတဲ့ ဘုရားကျောင်းတစ်ခု ဖြစ်ပါတယ်။

