Language:

ရေဘေးသင့် အမျိုးသမီးနဲ့ မိန်းကလေး ၁ သိန်း ၆ သောင်းခန့် အကြမ်းဖက်မှု၊ အမြတ်ထုတ်ခံရမှု အန္တရာယ်မြင့်မား


ရေဘေးသင့် အမျိုးသမီးနဲ့ မိန်းကလေး ၁ သိန်း ၆ သောင်းခန့် အကြမ်းဖက်မှု၊ အမြတ်ထုတ်ခံရမှု အန္တရာယ်မြင့်မား

၂၉ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

နီပေါနိုင်ငံမှာ ရေကြီးရေလျှံမှုဒဏ်ကို ခံစားနေရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးတွေဟာ အကြမ်းဖက်မှု၊ အမြတ်ထုတ်ခံရမှုနဲ့ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရနိုင်တဲ့ အန္တရာယ် ပိုမိုမြင့်တက်နေတယ်လို့ ကုလသမဂ္ဂ အမျိုးသမီးရေးရာအဖွဲ့ (UN Women) က ဩဂုတ် (၂၈) ရက်နေ့မှာ သတိပေးလိုက်ပါတယ်။

UN Women ရဲ့ ထုတ်ပြန်ချက်အရ နီပေါနိုင်ငံ Rasuwa နဲ့ Nuwakot ခရိုင်တွေမှာ နေထိုင်တဲ့ အမျိုးသမီးနဲ့ မိန်းကလေး (၁၆၀,၀၀၀) နီးပါး ဟာ ဒီရေဘေးကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ထိခိုက်နစ်နာခဲ့ကြပါတယ်။

UN Women ရဲ့ နီပေါကိုယ်စားလှယ် Patricia Fernandez-Pacheco က “သဘာဝဘေးအန္တရာယ် ကျရောက်လာတဲ့အခါ အမျိုးသမီးနဲ့ မိန်းကလေးတွေ ရင်ဆိုင်ရတဲ့ အန္တရာယ်တွေက အဆမတန် မြင့်တက်သွားပါတယ်။ အမြတ်ထုတ်ခံရမှု၊ အကြမ်းဖက်ခံရမှု ပိုများလာသလို အစားအသောက်နဲ့ ဆေးဝါး မလုံလောက်မှုဒဏ်ကိုလည်း ပိုခံစားရတတ်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အရင်က ဖြစ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်တွေရဲ့ အတွေ့အကြုံတွေအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အသက်ဆုံးရှုံးနိုင်ခြေ ပိုများကြောင်း အထောက်အထားတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

ရေဘေးပြီးနောက် အမျိုးသမီးတွေဟာ အကြမ်းဖက်မှု၊ အမြတ်ထုတ်ခံရမှု၊ ဆင်းရဲမွဲတေမှု ပိုမိုဆိုးရွားလာနိုင်သလို အိမ်မှုကိစ္စတွေ၊ မိသားစုကို စောင့်ရှောက်ရတဲ့တာဝန်နဲ့ သောက်သုံးရေ သယ်ယူရတဲ့ ဝန်ထုပ်ဝန်ပိုးတွေကိုလည်း ပိုမိုထမ်းဆောင်ရလေ့ရှိတယ်လို့ UN Women က ပြောပါတယ်။

ရေဘေးအပြင်းအထန် ထိခိုက်ခဲ့တဲ့ ခရိုင်အချို့မှာ အမျိုးသမီးတွေရဲ့ စာတတ်မြောက်မှုနှုန်း နည်းပါးတာကြောင့် ကူညီထောက်ပံ့ရေးအစီအစဉ်တွေမှာ ကိုယ်တိုင် စာရင်းသွင်းတာနဲ့ အကူအညီရယူတာတွေမှာ အခက်အခဲတွေ ပိုမိုကြုံတွေ့နိုင်တယ်လို့လည်း သတိပေးထားပါတယ်။

လက်ရှိမှာ UN Women က ရေဘေးသင့် အမျိုးသမီးနဲ့ မိန်းကလေးတွေရဲ့ လုံခြုံရေးနဲ့ အရေးပေါ်လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ အမေရိကန်ဒေါ်လာ (၂)သန်း အရေးပေါ် ရန်ပုံငွေ တောင်းခံထားပါတယ်။

#ထုတ်ပြန်ချက်

#ကုလသမဂ္ဂ

#ရေဘေး

#အမျိုးသမီး

#နီပေါနိုင်ငံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin